Wednesday, May 25, 2011

စိတ္တဇ လိုဂို

ငါဟာ တစ်ကမ္ဘာကြီးလုံးမှာမှ
ဖုန်မှုန့်လေး တစ်မှုန်ကို ယုံကြည်သူပေါ့ ၊၊
ထပ် ပြော မယ် ၊၊
တောကြောင်တွေမှာ အစွယ်ရှိမှန်း
မသိသူ (ကျော်သွားတဲ့အစိတ်အပိုင်းတွေဟာ ရုန်းကန်နေကြ)
ဟာ ငါပေါ့ ၊၊
ပြီးတော့ ငါ နားထောင်တယ် ၊၊
ငါ နားထောင်နေတယ် မကြားသလိုနေပေးပါ ငါ့ကို ၊၊
ငါ့ ခန္ဓာကိုယ်ပြုပြင်စားရိတ်နဲ့
လည်ပတ်တဲ့ စားရိတ်နဲ့
ဖျောက်ဖျက်ပစ်မယ့် စားရိတ်နဲ့
ငါ့ဆီက | ငါ့ကို | ရိတ် ပစ် ပါ ၊၊ | မပြောခင် ၊၊
ငါ့ ရှင်သန်မှု ဟာ သိန်း သန်း ချီ တန် နေတယ် ၊၊
ဆက်ပြောမယ် ၊၊
တကယ်တမ်း ငါပိုင်ဆိုင်တာ
ဒိန်ခဲလေးတစ်တုံးပါ ၊၊
မီးရထားလမ်းပေါ် ပြေးလွှားနေတဲ့
သက်ရှည်ကြွက်ကြီးတွေ ခိုးယူမသွားခင်
ငါ ပိုင်ဆိုင်နိုင်ခဲ့တဲ့
ဒိန်ခဲလေးတစ်တုံးပေါ့ ၊၊
ဆက်ပြီး ငါနားစွင့်တယ် ၊၊
ဒီကမ္ဘာကြီးပေါ်ပဲ မှောက်ကျခဲ့တဲ့
ချက်ပြုတ်မထားတဲ့ နွားနို့တစ်ခွက်ဟာ
ငါ့မှာရှိပြီး ပျက်နေတဲ့
နားစည်ကို တကျွိကျွိဖြစ်စေတယ် ၊၊
အဲ့ဒါ ငါကြားရတဲ့ စကားမပီတဲ့ရေဒီယို (သတ္တိမကြွတာကံကောင်း)
ကြီးပေါ့ ၊၊
ငါ့ကို ကြားရလား ၊၊
ငါ ထုတ်လွှင့်နေတယ် ၊၊
ငါ ညွှန်းဆိုနေတာ စစ်ပွဲတွေအကြောင်းပေါ့ ၊၊
စစ် ဆိုတာ တကယ်မရှိဘူး ၊၊
ငါ့ကို သေချာနားထောင် ၊၊
ဘာမှ သေချာမှုမှ အာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဘာမှ ဘာသေချာမှုမှ ဘာအာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဝင်တိုက်ကြတာ ၊၊
ရှဲ | | | | | | | | |
ဘယ်လောကမှာမှ နေရာလွတ်ဆိုတာ မရှိဘူး ၊၊
ငါ့ကို ကြားရလား ၊၊
အဲ့ဒါ စက်ရုပ်သံပေါက်နေတဲ့ ရေဒီယိုရဲ့
စပီကာကြီးပေါ့ ၊၊
ဒါပေမယ့် ငါဟာ ငြိမ်းချမ်းသူ တစ်ဦးပေါ့ ၊၊
ငါ ပိုင်တဲ့ ဒိန်ခဲကြီး မပျောက်ရှခင် ၊၊
ငါ့ လျှာပေါ် ဝန်ထုပ်ဝန်ပိုးတွေ တွန်းမတင်ကြခင် ၊၊
ငါ့ဆန္ဒတွေ ရှိရှိသမျှ စစ်ပွဲတွေအပေါ် မထုတ်ပြခင် ၊၊
ငါ့လျှာတွေ ဒိန်ခဲကြိုက်တဲ့ ဆန္ဒ
မဖြစ်ပေါ်ခင် ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ဘယ်သူမှ ကျော်မသွားခင်က
ရုန်းကန်နေတဲ့ ဖုန်မှုန့်တွေရဲ့ အစိတ်အပိုင်းတွေ ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ငါဟာ တာဝန်ကျေခွင့်မရသေးတဲ့
မြေမြှပ်မိုင်းဗုံးတစ်လုံးပဲ ၊၊
ငါ့ကို
မြန် မြန် နင်း ကြ ပါ တော့ ၊၊ ၊၊

ဇာတိ
May 2011

No comments: