Sunday, August 14, 2011

အဖြူအမည်း

နှလုံးသားက အဲဒီ့အရာကို အကြိမ်တစ်သောင်းမြောက် သွားကန်ကျောက်မိတယ်
ဘယ်မူလီနဲ့ သွားကျပ်လို့ အထာကျနိုင်တော့မှာလဲ ကမ္ဘေ ကမ္ဘာက အရှုပ်ထုပ်တွေ
လူကုန်ကူးခံရရှာတဲ့ ကံဆိုးမလေးသွားရာနောက်ကို သောက်ချီးထုပ်ကောင်က မိုးကို
အတင်းလိုက်ရွာခိုင်းတယ် ကျိန်ဆိုရွယ်စူးပြောမယ် ဒဏ္ဍာရီထဲက လှံနဲ့ထိတဲ့ ဒဏ္ဍာရီထဲက
သံပုရာသီးချိုတယ် ပိုက်ဆံမအိပ်ဘူး ကောင်မလေးကပဲ ပိုက်ဆံအတွက် အိပ်လိုက်တယ်
ဘုရားသခင်ဟာ အပြန်မှာ လက်ဆွဲနှုတ်ဆက်သွားတယ် တစ်ခုခုလည်း လုပ်ပြသွားတယ်
လက်ခလယ်ကိုထောင်ပြသွားတာများလား ဒီလောက်တော့ ပေါက်ပါတယ် ကျောက်တုံးဟာ
အချိန်ပြည့်တော့ ကျောက်တုံးဖြစ်ချင်မှာ မဟုတ်ဘူး မျှော်စင်လည်း အလားတူ သတ္တုအစ
အနတစ်ခုခု ကြမ်းပြင်ပေါ် အရှိန်နဲ့ ထိခတ်သွားတယ် အဲဒီ့အသံက နားထဲ လာရှပြီး သွေး
တစ်စက်စက်ပန်းထွက်လာတယ် ပြူးကျယ်ကျယ် မျက်လုံးတွေ ကြောင်တောင်တောင် နာမည်
မေးမရ အတိတ်ကိုပြန်စဉ်းစားမရ ဖေ့စ်ဘွတ်အကောင့်မမှတ်မိ(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ
လမ်းထောင့်) သုံးပြီးသား နို့ဆီဗူးခွံပြောင်းပြန်လှန်ပြီး အပေါ်က ဖယောင်းတိုင်ထွန်းလက်စ
ဟုန်းဟုန်းလည်း မတောက်ချင်ဘူး ဖွေးဖွေးလည်း မလှုပ်ချင်ဘူး ရုပ်သေးရုပ်လေးမှာသာ
တံတျာတေရှင် တံတျာတေရှင် တံတျာတေရှင် အထပ်ထပ်ကျော့ အကြိမ်ကြိမ်ပွားများ ဗလာ
မပါကံစမ်းမဲ ခြစ်လိုက်တဲ့ နေရာက ပွန်းပဲ့လာမယ် သွေးစို့လာမယ် ထာဝရမှောင်နေတဲ့
ကြယ်တံခွန်တွေ အိပ်ယာခင်းအသစ်မလဲခင် ဖြုတ်ဆေးရဦးမယ် စာသားက သံစဉ်နဲ့မဆန့်လို့
သီချင်းဟာ စုတ်ပြဲသွားတယ် တကတည်း ကျွန်းသစ်လောက်မှ မပျဉ်းကတိုးဘူး ဟိုဟိုဒီဒီ
ယောက်ယက်ခတ်ပြေးလွှားရင်း စွမ်းသလောက် အလင်းပေးလိုက်သေးတယ် အဲဒီ့မင့်ဖင်လေး
ကို ချစ်တယ်ပိုးစုန်းကြူလေးရယ် တစ်နေ့တခြားရှည်ရှည်ထွက်လာနေတဲ့ လူကြီးမင်းတို့ရဲ့
အစွန်းတရားတွေအတွက် အစွန်းချွတ်ဆေးဝယ်ပါ မ၀ယ်ချင်လည်း မ၀ယ်ပါနဲ့ ဆေးလိပ်ပြာခွက်
ထဲမှာ လွန်ခဲ့သောနှစ်တွေက ပြာဟောင်းမှုန့်အကြွင်းအကျန်တွေ လွမ်းမောစရာ အမွှေးအမှင်တွေ
လည်း တစ်ကိုယ်တော် ခပ်တည်တည်ထူထပ်ခဲ့တာ ထိုစဉ်က ဘ၀ဟာ မိုးပက်လို့ နွားလှည်းဘေးမှန်
ချမရဘဲ ပထမတော့ ရင်ကျပ် နောက်တော့ မြန်မာဗွီဒီယိုကားတွေထဲကလို ချောင်းဆိုးတဲ့အခါ
သွေးတွေဘာတွေပါလာ ဗိုလ်ထိုင်အိမ်သာကြွေခွက်ထဲ ခေါင်းစိုက်ပြီး မြိုစို့ထားခဲ့သမျှပြန်အန်ချလိုက်
တော့ ငါးမျှားချိတ်တွေထွက်ကျလာတယ် အဲဒီ့တော့မှ ဆယ်နှစ်လုံးလုံးအမျှားခံခဲ့ရမှန်း သိလိုက်ရ
ပုရွက်ဆိတ်တစ်ကောင်လို လမ်းမသလားချင်တော့ဘူးတဲ့ ပုရွက်ဆိတ်တစ်ကောင်ကပြောတယ်
ခုချိန်ထိ သူ့ကိုယ်သူခါချဉ်ပဲ ထင်နေတာဆိုးတယ် လျှပ်စီးလက်တိုင်း အ၀တ်စတွေကို မှန်နဲ့
ပြေးအုပ်တယ် မနေရဲဘူး စိတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံးတွင်းထဲက ချေးညှော်စိုစိစိတွေကို လက်ခုပ်နဲ့
လှမ်းငင်ဖို့အရေး နားဖာကလော်တစ်ချောင်းလောက်တောင် သတ္တိမရှိဘူး ဘယ်လိုအယူအဆလဲ
စကားလုံးတွေ ပျော့တွဲမကျခင် လှေကားထစ်အမှောင် ချောင်ကွယ်မှာ နေလုံးတိမ်ဝင်သွားတယ်
နံရံမှာ အလှကပ်ထားတဲ့ ပင်လယ်က တစ်ခြမ်းပြုတ်ပြီး အခန်းထဲ ရေတွေ ဝေါခနဲဝင်လာကြ
မပြောမဆိုနဲ့ ရုတ်တရက်ကြီး အောက်ဆီဂျင်ကို ကျယ်ကျယ်လောင်လောင် အသံတိုးလိုက်တယ်
လူဖြစ်ပေမယ့် ကိုယ်ထည်အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် ရောင်းဈေးက အဆင်သင့်
သတ်မှတ်ထားပြီးသားပဲ အနီတွေ ၀ါထိန်နေအောင် ပြာနေတဲ့ အရောင်နဲ့ ပန်းပွင့်စိမ်းကလေး။ ။


လွန်းဆက်နိုးမြတ်
၎.၈.၁၁
မနက်၀၀း၀၆နာရီ

Sunday, August 7, 2011

ဇာတ်သိမ်းတွေ အားလုံး ဒီအတိုင်းချည်းဆို..။


ရေးနေတဲ့ စာကြောင်းကို ချထားလိုက်တယ်..။ ဗိုက်နည်းနည်းဆာ လာလို့…။ ရေသောက်မလို့ လုပ်ပြီး ဆေးပေါ့ လိပ်ထဖွာမိတယ်..။ တတုံတုံနဲ့ မက်ဆေ့ခ်ျတွေ တက်လာတဲ့ ကွန်ပြူတာ စကရင်ကို လှမ်းမြင်ရတယ် …။ မလွယ်ကျောပဲ.. ဟွန်းသံတွေ ခပ်တည်တည် မြည်တတ်တဲ့ လမ်းမဘက်ကို လှမ်းငေး ..။ အနောက်တောင် တိမ်တွေကို လှမ်းငေး..။ ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်ကို ကိုယ်ပြန်မကြိုက်တော့ရင် .. ဘယ်လိုလုပ်မလည်း .. ဒါနောက်ထပ် စာတစ်ပိုဒ်ထပ် ရေးပြီးတဲ့အထိ နှမျောစိတ်ကို သွန်ချပစ်လို့မရဘူး..။ တစ်ယောက်ယောက်ကို ဖုန်းဆက်မေးဖို့ အခုထက်ထိ အလိုလိုစိုးရွံ့တုန်းပဲ..။ အားပါ့မလား ဆက်သွယ်ရေးပြင်ပတွေ ..။ နောက်ထပ် ကမ္ဘာပျက်ကားတွေ ထပ်ခေတ်မစားခင်အထိ ဘယ်လူမျိုးတွေများ ပြက္ခဒိန်တွေရပ်ထားဦးမှာလည်း.  လူဆိုတော့လည်း ခေတ်ရေစီးအလိုက် စိုးရိမ်ကြီးတတ်တယ်..။ ဘယ်တော့ဖြစ်ဖြစ်ပါ အာရုံတွေ တင်းကျပ် နှောင်ဖွဲ့မိအောင်  ညနေကတိမ်တောက်နေတတ်တယ်..။ သဘာဝတရားကြီး သဘာဝကျနေတာကို အပြစ် မပြောချင်ပါဘူး..။ ပုံမှန် မဖြစ်နိုင်တဲ့နောက် တော့ သဘာဝကျကျ အပြစ်တင်တာလေးကို ဒါမှမဟုတ်.. သဘာဝကျကျ ရယ်မောမိတာလေးကို … တစ်ခါတစ်ခါတော့ စပါယ်ကုံးတွေဝယ်ပြီး ဘုရားမှာ ဘာဆုတောင်းရ မှန်းမသိဘူး..။ ခန့်မှန်းခြေ ဒီစကြာဝဠာက ဘယ်လောက်ကြာမှာလည်း သိချင်တာမျိုး..။ လူတွေ ရေမရှိရင် ဘာကို အစားထိုးသောက်သုံးရမလည်း..။ နားမလည်နိုင်တဲ့ အကြောင်းတွေ ရေးကြီးခွင်ကျယ် လုပ်ပြီးရှင်းပြချင် ရှင်းပြနေမိတယ်.. ယုတ္ထိကျလေလေ မယုံကြည်ရလေပဲ.. သေချာလွန်းတဲ့ အကြည့်တွေက လွဲချော်ခဲ့ပြီးမှန်း အတိအကျပဲလေ.. နေရောင်ခြည်မရရင် ကန္တာရလည်း ရေခဲမှတ်အောက် ရောက်ရောက်သွားတတ်တယ် ခဲစရာရေမရှိတာက လွဲလို့ပေါ့။ ချထားတဲ့ စာကြောင်းကို ပြန်ရေးဖို့.. ဇာတ်သိမ်းတွေ အားလုံး ဒီအတိုင်းချည်းဆို မတော်တဆ ဖတ်မိတဲ့ လူတွေကို အားနာလို့… သဗေသတ္တာကမ္မသကာ…။

မိုးလှိုင်ည