Saturday, November 19, 2011

နောက်ထပ် အပေါက်အပြဲအသစ်

တွန့်ခွေခွေ စွတ်ကြောင်းရာအတိုင်း နှင်းတွေ တဖွဲဖွဲ မီးတောက် ပြာနှမ်းနာကျင်ခဲ့ရတယ်
ဟင်းလင်းပြင်ကျယ်ပန်းချီကားထဲ သစ်ပင်နည်းနည်း တောင်နည်းနည်း တိမ်နည်းနည်း
နှမ်းဖြူးလိုက်
ပြီးရင် အမှောင်နဲ့ရောပြီး ချိုးကူသံလေးအစေးကပ်အောင် လက်နှစ်ဖက်ကို လေယာဉ်ပျံသဏ္ဍန်
လေထုမှာ ဝဲဆန့်ကြည့် အမှေးပါး မကြာခင် ပေါက်ကွဲအက်ထွက်လာမယ့် ကမ္ဘာသစ်ရဲ့
ဥခွံအရောင်
ပျဉ်းမပန်းတွေ ရှင်ပြန်ထမြောက်ရာ သစ်ရွက်ကြွေပေါ်က နံပါတ်စဉ်အတိုင်း လက်နှစ်ဖက်ကို
သာသာဖွဖွ ဖက်လှဲတကင်း ပွတ်သပ်ချော့မြူဆော့ကစားစဉ် လက်ဖ၀ါးအောက်မှာ
မြစ်တွေ စီးဆင်းသံ
ကြားလား ကြားရဲ့လား ကြားကြရဲ့လား ညလေအေးလေး လွင့်လွင့်ဖြူးဖြူးအမြင့်ပျံနေတယ်
ရှင်းမပြချင်ဘူး ထင်ချင်သလိုသာ ကြားလိုက်တော့ မြင်ချင်သလိုသာ မွှေးလိုက်တော့
မျက်တောင်အဖွင့်အပိတ်ထဲမှာ ကိုယ့်ဘ၀ ကိုယ်ပြုရမှာပဲ
ကံစမ်းမဲကာလကျော်လွန်နေတဲ့ ပေါက်မဲလို
ပျော်ရွှင်မှုအတုတွေနဲ့ ချုပ်ရိုးချုပ်သားမခိုင်ခံ့ကြောင်း နိဂုံးအဆုံးသတ်ထားတာ
ရှတတ်မှ ဓားလို့ခေါ် ကိုးတတ်မှ ကျမ်းလို့ပြော နေမ၀င်ခင် နောက်ပြန်လှည့်ခဲ့တယ်
အတတ်နိုင်ဆုံး သစ်ရွက်ထိပ်ဖျားမှာ ဟီးလေးခိုနိုင်သမျှခိုနေမယ့် မိုးရေစက်
တစ်
စက်
စက် ။ ။


လွန်းဆက်နိုးမြတ်
၂၅.၁ဝ.၁၁
ည ၁၁း၂ဝ နာရီ

No comments: