Showing posts with label ဇာတိ. Show all posts
Showing posts with label ဇာတိ. Show all posts

Monday, July 25, 2011

ငါ့ ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၃)

ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်
ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊
အဲ့ဒီမှာ အစိမ်းရောင်တိမ်တွေ ရှိလေ့ရှိတယ် ၊၊
အကယ်၍ ရှင်နဲ့ မကြုံဆုံဖြစ်သေးရင်တောင်မှ
မျှော်လင့်ချက်အေးအေးထားပြီး စောင့်ကြည့်ပေါ့ ၊၊
ကျွန်မတော့ အဲ့ဒါကိုရှင်မယုံကြည်တဲ့ ကောင်းကင်ဘုံ
လို့ ထင်တာပဲ ၊၊ ကျွန်မအနေနဲ့ ကောင်းကင်ဘုံ ကို
အရူးအမူးဖြစ်တတ်တာ ရှင်သတိတရ သိနေမှာပဲလို့
ခန့်မှန်းမိနေတယ် ၊၊ ဒါပေမယ့် ကျွန်မ ဘယ်လိုမှ
မခံစားရဘူး ၊၊ ပိုက်ဆံဆိုတာ မရှိရင်တော့ ခံစားနေရတဲ့
မိန်းမ လို့ ရှင့်ကဗျာတွေထဲ ထည့်ရေးပေါ့ ၊၊ ကျွန်မဘက်က
ခွင့်ပြုလက်ခံပေးလို့ ရပါတယ် ၊၊ အမှန်တရားဘက်မှာ အခါးဓာတ်
ပိုတယ်တို့ ဘာတို့တော့ ကျွန်မစဉ်းစားပြောကြားတတ်ပါတယ် ၊၊
ရှင်ဟာ တဆိတ်တော့ ရှင်လိုက်နာသုံးစွဲနေတဲ့
ခံစားချက်ဆိုတာကြီးကို ဘိုးတင်လွန်းတယ် ၊၊ ထားပါတော့ ၊၊
ရှင့် ရဲ့ ခံစားချက်တွေကို တစ်ယောက်ယောက် ယုံကြည်စေချင်တဲ့
ဆန္ဒရှိလာတိုင်း ကျွန်မကို ပြောကြားနိုင်ပါတယ် ၊၊ ကျွန်မမှာ
ရှင့်အတွက် စိတ်ပြေလက်ပျောက်ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ
ရှိနေပါတယ် ၊၊ ပြီးတော့ ရှင့်ခံစားမှုကြီးကို လူတစ်ဖက်သားက
သိရှိခံစားနားလည်ပေးတဲ့အခါ ရှင်ကျေနပ်မှုကို ရရှိမယ်ဆိုရင်
ဝမ်းသာပေးသင့်ပေမယ့် ကျွန်မဟာ ဘယ်လိုမှ ခံစားရမှာ
မဟုတ်ဘူး ၊၊ ရှင် ကျွန်မကို နာကျည်းပါ ၊၊ ရှင့်ရဲ့ ခံစားမှု အရင့်အမာကြီးနဲ့
နှင်းဆီ၂ပွင့်ပူးတွေ တွေ့တဲ့အခါ ရှင် ခံစား ၊၊ ဝက်ဝံအရုပ်တွေ ဈေးနှုန်းတက်
သွားတဲ့အခါ ရှင် ခံစား ၊၊ ကျွန်မ နာမည်ပေးထားတဲ့ ရှင့်ရဲ့ Password ကို
ရိုက်ထည့်တိုင်း ရှင် ခံစား ၊၊ အံစာတုံးခေါက်မိတဲ့အခါ အပွင့်ကြီးကြီးကျတိုင်း
ရှင် ခံစား ၊၊ အဆွေးသင့် ရုပ်ရှင်တွေကြည့် မိုးရွာတဲ့အခန်းတွေ ပါလာတဲ့အခါတိုင်း
ရှင် ခံ စား ၊၊ အို! အချိန်ရတိုင်း ရှင်ခံစားနေမယ့် အစား ကျွန်မ ကို နာကျည်းဖို့ ရှင့်ကိုယ်
မစွမ်းဆောင်နိုင်တာ ရှင်ဟာ ဘယ်လို ယောင်္ကျားလဲ ၊၊
ရှင် ကျွန်မ ကို နာကျည်းပါ ၊၊ သိပ်ကို ခံစားလိုစိတ် ရှိ
နေရင်လည်း ခံစားပါ ၊၊ နောက်ပြီး ရှင်သိသင့်တယ်ထင်တဲ့
ကိစ္စတစ်ခုဟာ ကျွန်မ ဟာ ရှင်ပြောတဲ့ နှင်းဝင့်ရည် မဟုတ်ဘူး ၊၊
ရှင် ကျွန်မ ကို ဖုန်းမှားဆက်နေတာ ၂နှစ်ကျော်ရှိပြီ ၊၊
ဒါပေမယ့် ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်
ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊
အဲ့ ဒီ မှာ . . . . . . ၊၊ ၊၊

-ဇာတိ-

Thursday, June 30, 2011

ချောကလက်တွေဟာ ငါ့ကို လုပ်ကြံ

ငါ တအားခံစားနေရတာပဲ ၊၊
ငါ့ ချီးတွေဟာ ငါ့ခန္ဓာကိုယ်
အစိတ်အပိုင်းများလားလို့ အရင်
ငါ ဘယ်တော့မှ မတွေးမိခဲ့ပါဘူး၊၊
အား! ၊၊ ငါ့ရဲ့ မူလခံစားမှုတွေဟာ
ဘယ်ရောက်သွားကြတာလဲ ၊၊
ငါ့ရဲ့ ငတ်ပြတ်နေရတဲ့
အခိုက်အတန့်ကို
ငါပြန်လိုချင်တယ် ၊၊
အဲ့ဒီမှာ ငါ့ဝမ်းဗိုက် လစ်ဟာနေမှုဟာ
အခု ဒီလောက် မခံစားခဲ့ရပါဘူး ၊၊
အား ! အား ! အား ! ၊၊
ငါဟာ ငါ့ရဲ့ လက်ကောက်ဝတ်ကို
ဓားနဲ့လှီးပြီး သတ်သေလိုက်ရင်တောင်မှ
လက်ကောက်ဝတ်ရဲ့ သွေးတစိမ့်စိမ့်ဟာ
အခု ဒီခံစားမှုကြီး ရဲ့
နာကျင်မှုကို ကျော်ဖြတ်နိုင်ပါ့မလား ၊၊
ဒီကြားထဲ ငါဟာ
ငါ့အမေကို ကျေးဇူးနေမိတယ် ၊၊
ချစ်သူတွေကြားမှာ
သိပ်ကိုကျော်ကြားနေတဲ့
အဲ့ဒီစောက်ချောကလက်တွေ ၊၊
ငါဘယ်တော့မှ
မစားတော့ဘူး ၊၊
ငါ့ချီးတွေဟာ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းများလားလို့
ငါတွေးနေတယ် ၊၊
ငါ တအားခံစားနေရတယ်ကွာ ၊၊
ဒါပေမယ့်
ငါ့မျိုးရိုးထဲမှာ
ချီးမညှစ်နိုင်လို့ ချီးတစ်ပြီး သေသွားတဲ့မသာ
တစ်ယောက်မှ မပါဘူး ၊၊
ငါ ရ အောင် ကြိုး စား မှာ ၊၊
ယုံ ၊၊ ၊၊ ၊၊ ၊၊

ဇာတိ
ညွှန်း - www.myspace.com/isetmyfriendsonfire

Friday, May 27, 2011

ဘာသာစကား ကဗျာတစ်ပုဒ်

Je suis un poème.

Én egy verset.

Aku sebuah puisi.

Ek is 'n gedig.

Unë jam një poemë.

Poema bat naiz.

Я верш.

Аз съм едно стихотворение.

Jo sóc un poema.

Ja sam pjesmu.

Já jsem báseň.

Jeg er et digt.

Ik ben een gedicht.

Olen luuletus.

Ako ay isang tula.

Olen runon.

Eu son un poema.

Ich bin ein Gedicht.

Είμαι ένα ποίημα.

Mwen se yon powèm.

Ég er ljóð.

Tá mé dán.

Io sono una poesia.

Ego carmine.

Es esmu dzejoli.

Aš eilėraštį.

Јас сум една песна.

I am a poeżija.

Jeg er et dikt.

Jestem wiersz.

Eu sou um poema.

Sunt un poem.

Я стихотворение.

Ја сам песму.

Ja som báseň.

Jaz sem pesem.

Yo soy un poema.

Jag är en dikt.

Ben bir şiir duyuyorum.

Я вірш.

Yr wyf yn gerdd.

ngar har kabyar 1pote pot.

Rap etop at rayb ak rah wan ayk.



-Zárti-

Wednesday, May 25, 2011

စိတ္တဇ လိုဂို

ငါဟာ တစ်ကမ္ဘာကြီးလုံးမှာမှ
ဖုန်မှုန့်လေး တစ်မှုန်ကို ယုံကြည်သူပေါ့ ၊၊
ထပ် ပြော မယ် ၊၊
တောကြောင်တွေမှာ အစွယ်ရှိမှန်း
မသိသူ (ကျော်သွားတဲ့အစိတ်အပိုင်းတွေဟာ ရုန်းကန်နေကြ)
ဟာ ငါပေါ့ ၊၊
ပြီးတော့ ငါ နားထောင်တယ် ၊၊
ငါ နားထောင်နေတယ် မကြားသလိုနေပေးပါ ငါ့ကို ၊၊
ငါ့ ခန္ဓာကိုယ်ပြုပြင်စားရိတ်နဲ့
လည်ပတ်တဲ့ စားရိတ်နဲ့
ဖျောက်ဖျက်ပစ်မယ့် စားရိတ်နဲ့
ငါ့ဆီက | ငါ့ကို | ရိတ် ပစ် ပါ ၊၊ | မပြောခင် ၊၊
ငါ့ ရှင်သန်မှု ဟာ သိန်း သန်း ချီ တန် နေတယ် ၊၊
ဆက်ပြောမယ် ၊၊
တကယ်တမ်း ငါပိုင်ဆိုင်တာ
ဒိန်ခဲလေးတစ်တုံးပါ ၊၊
မီးရထားလမ်းပေါ် ပြေးလွှားနေတဲ့
သက်ရှည်ကြွက်ကြီးတွေ ခိုးယူမသွားခင်
ငါ ပိုင်ဆိုင်နိုင်ခဲ့တဲ့
ဒိန်ခဲလေးတစ်တုံးပေါ့ ၊၊
ဆက်ပြီး ငါနားစွင့်တယ် ၊၊
ဒီကမ္ဘာကြီးပေါ်ပဲ မှောက်ကျခဲ့တဲ့
ချက်ပြုတ်မထားတဲ့ နွားနို့တစ်ခွက်ဟာ
ငါ့မှာရှိပြီး ပျက်နေတဲ့
နားစည်ကို တကျွိကျွိဖြစ်စေတယ် ၊၊
အဲ့ဒါ ငါကြားရတဲ့ စကားမပီတဲ့ရေဒီယို (သတ္တိမကြွတာကံကောင်း)
ကြီးပေါ့ ၊၊
ငါ့ကို ကြားရလား ၊၊
ငါ ထုတ်လွှင့်နေတယ် ၊၊
ငါ ညွှန်းဆိုနေတာ စစ်ပွဲတွေအကြောင်းပေါ့ ၊၊
စစ် ဆိုတာ တကယ်မရှိဘူး ၊၊
ငါ့ကို သေချာနားထောင် ၊၊
ဘာမှ သေချာမှုမှ အာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဘာမှ ဘာသေချာမှုမှ ဘာအာမခံမှ မရှိတဲ့ အစိုင်အခဲတစ်ခုနဲ့
ဝင်တိုက်ကြတာ ၊၊
ရှဲ | | | | | | | | |
ဘယ်လောကမှာမှ နေရာလွတ်ဆိုတာ မရှိဘူး ၊၊
ငါ့ကို ကြားရလား ၊၊
အဲ့ဒါ စက်ရုပ်သံပေါက်နေတဲ့ ရေဒီယိုရဲ့
စပီကာကြီးပေါ့ ၊၊
ဒါပေမယ့် ငါဟာ ငြိမ်းချမ်းသူ တစ်ဦးပေါ့ ၊၊
ငါ ပိုင်တဲ့ ဒိန်ခဲကြီး မပျောက်ရှခင် ၊၊
ငါ့ လျှာပေါ် ဝန်ထုပ်ဝန်ပိုးတွေ တွန်းမတင်ကြခင် ၊၊
ငါ့ဆန္ဒတွေ ရှိရှိသမျှ စစ်ပွဲတွေအပေါ် မထုတ်ပြခင် ၊၊
ငါ့လျှာတွေ ဒိန်ခဲကြိုက်တဲ့ ဆန္ဒ
မဖြစ်ပေါ်ခင် ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ဘယ်သူမှ ကျော်မသွားခင်က
ရုန်းကန်နေတဲ့ ဖုန်မှုန့်တွေရဲ့ အစိတ်အပိုင်းတွေ ၊၊
အဲ့ဒီကတည်းက ငါပြောနေတာ ၊၊
ငါ နားစွင့်နေတာ ၊၊
ငါ စောင့်နေတာ ၊၊
ငါဟာ တာဝန်ကျေခွင့်မရသေးတဲ့
မြေမြှပ်မိုင်းဗုံးတစ်လုံးပဲ ၊၊
ငါ့ကို
မြန် မြန် နင်း ကြ ပါ တော့ ၊၊ ၊၊

ဇာတိ
May 2011

Monday, April 25, 2011

H e L L o

ကျွန်တော့် မျက်ကြည်လွှာပေါ်က သံတိုင်တံဆိပ်ရဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားလည်လား ၊၊ မမ ခင်ဗျားကို သောကြာနေ့ ညဘက်တိုင်း ဖုန်းခေါ်ဖြစ်တယ် ၊၊ ကျွန်တော့်ဆီက ထွက်ပြေးဖို့ပဲ ခင်ဗျား အသုံးပြုနေတဲ့ ခင်ဗျားမျက်လုံးတွေ ၊ ခင်ဗျားခြေထောက်တွေ ၊ ခင်ဗျား တတ်ကျွမ်းတဲ့ မှော်ဘုရင်မအက်တင် တွေ ၊၊ လျှပ်စီးတွေ လက်တဲ့အခါတိုင်း ကျွန်တော်သတိအရမိဆုံး ခင်ဗျားရဲ့ ဝင်ငွေကောင်းတဲ့ မျက်တောင်အတုတွေ ၊၊ ခင်ဗျားရဲ့ မျက်ရည်စီးကျလာပုံကအစ ကဗျာဆန်တယ် ဆိုတဲ့ သူတို့တွေရဲ့ အသုံးအနှုန်းကိုတော့ ကျွန်တော် သုတ်သင် ပစ်ချင်မိတုန်းပဲ ၊၊ အနုပညာဟာ ခင်ဗျားရဲ့ ဝမ်းနည်းငိုကြွေးနေပုံလား ၊၊ အနုပညာ ဟာ ခင်ဗျားရဲ့ ရဲရင့်တဲ့ မျက်နှာထားလား ၊၊ အနုပညာဟာ ခင်ဗျားရဲ့ အချိန်မအားလပ်မှု လား ၊၊ အနုပညာဟာ ခင်ဗျားရနေတဲ့ ရိုသေလေးစားခံရမှု လား ၊၊ အနုပညာဟာ ခင်ဗျားကို လိုအပ်နေတဲ့ လက်ထပ်လက်စွပ်တွေလား ၊၊ ခင်ဗျားဆီ ဖုန်းခေါ်တိုင်း ခင်ဗျားမရှိဘူး ၊၊ နံရံတွေဟာ ခင်ဗျားအကြောင်း ကျွန်တော်ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ ၊၊ ငွေစက္ကူတွေအပေါ်အမှာ မိန်းမတစ်ယောက်ရဲ့ မျက်တောင်မွှေးတွေကို ရိုက်နှိပ်ဖို့ ဘယ်သူစိတ်ကူးလဲ ၊၊ ခင်ဗျားဟာ အနုပညာပဲ ၊၊ ခင်ဗျားဟာ အပြစ်မဖြစ်အောင်လိမ်လည်ထားတဲ့ မျက်လှည့်ပြကွက်တစ်ခုပဲ ၊၊ အဲ့ဒီညက ခင်ဗျားမွေးနေ့မှာ ကြယ်နှစ်ဆယ့်ရှစ်ပွင့်တိတိ တပြိုင်ထဲကြွေရင် ဘယ်လိုအရူးတွေက ဘယ်လိုဆုတွေ တောင်းမလဲ စိတ်ကူးကြည့်တယ် ၊၊ အခုချိန် ဘေးနားမှာ သူတစ်ပါးရှိနေဖို့ ဆန္ဒရှိတာဟာ ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်ဖို့ ပဲ သင့်တော်သလား ၊၊ အခုချိန် ခင်ဗျားရဲ့ ဟန်ဆောင်မှု မှာ သူတို့ ပျော်နေမှာ ၊၊ ဝမ်းနည်းနေမှာ ၊၊ အစုလိုက် အပြုံလိုက် ခင်ဗျားကို ငေးနေမှာ ၊၊ ခင်ဗျား ဟာ အနုပညာပါပဲ ၊၊ ဖုန်းကိုင်ပါ မမရယ် ၊၊ ခင်ဗျားအတွက် စိုက်ထားတဲ့ နှင်းဆီပင်ဟာ ရုပ်ရှင်ထဲကလို မရှင်သန်ကြောင်းပြောတဲ့အခါ ခင်ဗျား ရယ်မောစေချင်လို့ ၊၊ ကျွန်တော် စိတ်မကောင်းတာ တစ်ခုက လူကြိုက်များလေ့ရှိတဲ့ လွမ်းစရာကိစ္စတွေကို ခင်ဗျားဟာ တိတ်တခိုး ဟားတိုက်ပစ်လေ့ရှိတာ ကျွန်တော် သိနေတာပဲ ၊၊ ကျွန်တော်ဟာ မင်းသမီးတစ်ယောက် ရဲ့ ချစ်သူဖြစ်ခဲ့ဖူးပါတယ် လို့ ပြောတဲ့အခါ သူတို့ရှေ့မှာ ကြယ်ကြွေရင်ဆုတောင်းတဲ့ အရူးဟာ ကျွန်တော်ဘာလို့ ဖြစ်သွားတာလဲ ၊၊ “ယုံကြည်မှု ဟာ ရူးနှမ်းခြင်းပဲ’’ ၊၊ မျက်တောင်အဖွင့်အပိတ်တွေ နဲ့ ခင်ဗျားရဲ့ စကားပြောခန်းတွေ ကို တအားသတိရတာပဲ ၊၊ တဆိတ်လောက် ဖုန်းကိုင်ပါလား မမ ၊၊ ကျွန်တော် ရှင်းပြတာကို ဘာလို့ ရုပ်ရှင်ထဲကလို နားမထောင်ပဲ နေနေရတာလဲ ၊၊ မမ လက်ခံလိုက်တဲ့ လက်ထပ်လက်စွပ်ဟာ ဘယ်သူလဲ၊၊ မှိန်သွားတဲ့ အလင်းရောင်ဟာ ရိုလာကိုစတာကြီး ကြောင့်ပဲ ၊၊ ဓာတ်ကြိုးတွေဟာ သေနေတဲ့ မြွေတွေ ၊၊ သရဲငကြောက်တွေ ကျွန်တော့်ကို အုပ်စုဖွဲ့ခြောက်လှန့်လွှတ်လိုက်ကြ ၊၊ အငွေ့ကို စားသုံးနေတာ ကျွန်တော်ဟာ ဒုက္ခနဲ့ တည့်တည့်က နတ်သားပဲ ၊၊ လူတွေ လောင်နေတဲ့ မီးကို အော်ဟစ်ရယ်မောနေကြ ၊၊ ရင်ထဲက မီးတောင်လေး ပေါက်သွားပြီ ၊၊ လက်ကောက်ဝတ် ဟာ လှီးဖြတ်ချင်စရာ အကောင်းဆုံး အစိတ်အပိုင်း တစ်ခုလား ၊၊ ရိုလာကိုစတာ ဟာ ပေါကြောင်ကြောင်ကြီး ပဲ ၊၊ ကျွန်တော် ဆက်နေတဲ့ ဖုန်းကို ဒီတစ်ကြိမ် အသိအမှတ်ပြုပါ မမ ၊၊ ခင်ဗျား ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်တော် သောက်ချင်တယ် ၊၊ သောကြာနေ့ ၊၊ ခင်ဗျားဟာ မက်မောဖို့ကောင်းတယ် ၊၊ ခင်ဗျားဟာ သိပ်လှတယ် ၊၊ ခင်ဗျားဟာ အနုပညာပဲ မမ ၊၊ လက်ထဲက ဆေးပေါ့လိပ်ဟာ မောင်းချဓားဖြစ်သွားတယ် ၊၊ ကမ္ဘာပေါ်က သတို့သမီးဝတ်စုံတွေကို ဘယ်သူမုန်းတီးလဲ ၊၊ ခင်ဗျားမှာ ရဲရင့်တဲ့ သွေးတွေ ရှိနေလို့လဲ ခင်ဗျား သိပ်လှနေတာပဲ ၊၊ ဖုန်း

ကိုင်

ပါ

တော့

မမ ရယ် ၊၊ ခင်ဗျား ဟာ ဘယ်တော့မှ ၊၊ ဖုန်းကိုင်ပါ မမ ၊၊ သေမသွားနိုင်တဲ့ . . . . ၊၊ ဖုန်းကိုင်ပါ မမ ၊၊ စုန်းမတစ်ယောက် မဟုတ်လား ၊၊ ဟ ယ် လို ၊၊ ဖုန်း

ကိုင်

ပါ

မမ ၊၊ ပန်းချီကားတွေဟာ အပေါ်က သံတိုင်ထပ်ထားပြီး ကြည့်မှ ပိုလှတာ ၊၊ သိလား မမ ၊၊ ဖုန်း ကိုင် ပါ ၊၊ ဟယ် လို ၊၊ ၊၊



ဇာတိ

ညွှန်း ၊၊ ၊၊ မောင်သိန်းဇော် ( ဒုက္ခနဲ့ တည့်တည့်က နတ်သား )

Tuesday, March 15, 2011

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွား သလဲ ( ၂ )

စန္ဒရားခလုတ်တွေကို တအားစိတ်နာနေမိတယ် ၊၊ ပြီးတော့ အဲ့ဒီ လက်ချောင်းတွေကိုရောပဲ ၊၊ အခု (၁၂) နာရီ ထိုးတော့မယ် ခင်ဗျား ဒီ စွန်တစ်ကောင်ကုန်ရင် အိပ်သင့်နေပြီ နီနို အခု ၁၂နာရီ ထိုးဆိုရင် ခင်ဗျား မအိပ်တာ သုံးနှစ်ပြည့်ပြီ ၊၊ ကျွန်တော့်ကိုယ်ပိုင်ဘဝလေးကို ရုပ်ရှင် တစ်ခု ဖြစ်သွားစေချင်နေတာ ၊၊ ကျွန်တော့်ဘဝ ဟာ ဘာလို့ အဓိပ္ပာယ်ရှိနေရတာလဲ ၊၊ ကျွန်တော် စွန်တွေလို ၊ လေတံခွန်တွေလို ဘာ အဓိပ္ပာယ် မှ မရှိပဲ လေထဲမှာ ကူးချင်နေတာ ၊၊ ရွက်လှေလေးတွေဟာ သူတို့ကိုယ်သူတို့ ကြယ်တွေဖြစ်သွားဖို့ ဆန္ဒရှိတယ် (အဒမ်ယန်း) ၊၊ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိပဲ ကျွန်တော်ကြောင့် လေထဲကို ရောက်နေကြတယ် ၊၊ စွန်လေးတွေ ပြတ်ကျသွားရင် ပုစွန်တောင်ကို ရောက်သွားမလား ၊၊ မြောက်ဥက္ကလာ ကို ရောက်သွားမလား ၊၊ ရေခဲတုံးကြီးတွေကို မြစ်လို့ ခေါ်တဲ့အရပ်က သူ့ ဆီကို ရောက်သွားမလား ၊၊ ဘယ်လောက် အဓိပ္ပာယ်မရှိလိုက်သလဲ ၊၊ ကျွန်တော် ဘာလို့ ရုပ်ရှင်တစ်ကား မဖြစ်ခဲ့တာလဲ ၊၊ ကျွန်တော်ဘာလို့ စန္ဒရားခလုတ်တွေ မဖြစ်ခဲ့တာလဲ ၊၊ ကျွန်တော်သာ စန္ဒရားခလုတ်တွေ ဖြစ်ခဲ့ရင် သူ ကျွန်တော့်ကိုချစ်မှာ ၊၊ အဖိနှိပ်ခံ ဘဝ ဆိုရင်တောင်မှလဲ ကျွန်တော် ပျော်မှာ ၊၊ ပြီးတော့ ကျွန်တော်ဟာ အ’အ တစ်ယောက် ဆိုပေမယ့် ဒီဘာသာစကား ကို ချစ်ပါတယ် ၊၊ ကျွန်တော် အခု ဘာလို့ ၃နှစ်လောက် မအိပ်ပဲ စွန်တွေထိုင်လွှတ်နေတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်နေရတာလဲ ၊၊ ကျွန်တော့် နာမည်ဟာ ဘာလို့ နီနိုဖြစ်နေရတာလဲ ၊၊ ကျွန်တော့်ကို ဘာလို့ ဇာတ်ကောင်လို့ မခေါ်တာလဲ ၊၊ ခုနက ကျွန်တော့်ကို စကားဝင်ပြောတာ ဘယ်သူလဲ ၊၊ ခုနက ကျွန်တော် လွှတ်တဲ့ စွန်လေးရော ဘယ်ကို ပြတ်ကျသွားလဲ ၊၊ စန္ဒရားခလုတ်တွေပေါ်ကိုလား ၊၊ (သူ) ဟာ ရန်ကုန်လမ်းညွှန် ကို မသိတဲ့အတွက် မြက်ခင်းဖုံးတဲ့ ပန်းခြံလေးတစ်ခုထဲကို ကျခဲ့ပါတယ် လို့ ဖြေမလား ၊၊ ကျွန်တော် ဘာလို့ အ နေရတာလဲ ၊၊ အာရုံထဲ ဖြတ်ဖြတ်ပြေးသွားတဲ့ အဲ့ဒီ အဖြူတစ်ရောင် ၊ အနက်ရောင် တစ်ခုစီနဲ့ အရာလေးတွေကို ကျွန်တော် စန္ဒရား ခလုတ်တွေ လို့ သိနေတယ် ၊၊ သူတို့တွေ ရေကန်ထဲက ခုန်တက်လာကြတာ ၊၊ သူတို့ ရေကန်တွေ ထဲကို ခုန်ဆင်းသွားကြတာ ၊၊ ဘလိတ်ဓားတွေ ကို ဘယ်သူ အတောင်ပံ တပ်ပေးလိုက်တာလဲ ၊၊ စွန်လေးတွေ ပြတ်ကျ ကုန်ကြပြီ ၊၊ ဝမ်းနည်းစရာပဲ ၊၊ သူတို့ ပြတ်ကျရမယ့် နေရာ မရှိရှာဘူး ၊၊ ကျွန်တော် ကမ္ဘာပေါ်က စန္ဒရား ခလုတ်တွေကို သုံးနှစ်အတွင်း အကုန်ခိုးယူထားလိုက်ပြီ ၊၊ လက်တစ်ဖက်က စွန်ကို လွှတ်နေရင်း လက်တစ်ဖက်က ခိုးယူခဲ့လိုက်တာ ၊၊ ရေကန်ထဲ ပြုတ်မကျမီ ခိုးယူထားလိုက်တာ ၊၊ ရေကန်ထဲက ခုန်တက်လာလာချင်း ခိုးယူထားလိုက်တာ ၊၊ Café Del Mar သီချင်းတွေ ဖွင့်ထားလိုက်ရင် ဘလိတ်ဓားပျံတွေ အိပ်ပျော်သွားနိုင်လား ၊၊ သတင်းကြေငြာနေတဲ့ အမျိုးသားကို ကျွန်တော် ချစ်မိသွားတော့မယ် ၊၊ တီဗွီကို ပိတ်လိုက်ပါ ၊၊ ပြီးတော့ ရေကန်ထဲကို ပစ်ချလိုက်ပါ ၊၊ ရေကန်တွေ ရှိနေသေးတယ် ဆိုတာ မြစ်လို့ ခေါ်တဲ့ ရေခဲတုံးတွေ အရည်ပျော်ကျ လာလို့ပေါ့ ဟုတ်လား ၊၊ ဒါဆို သူ ရှိနေ မလား ၊၊ Café Del Mar သီချင်းတွေကို ပိတ်လိုက်ပါ ၊၊ အိပ်ပျော်နေတဲ့ ဘလိတ်ဓားပျံတွေကို သူ နင်းမိရင် သူ့အတွက် အန္တရာယ်ရှိနိုင်လို့ ၊၊ သူ စန္ဒရား တီးနေပြီ…………… လား ၊၊

စန္ဒရားသံတွေကို ခင်ဗျား ကြားချင်သေးလား နီနို ၊၊ စန္ဒရားခလုတ်တွေကို တအားစိတ်နာနေမိတယ် ၊၊ ပြီးတော့ အဲ့ဒီ လက်ချောင်းတွေကိုရောပဲ ၊၊ ပြတ်ကျသွားတဲ့ စွန်လေးတွေမှာ နေရာမရှိဘူး ၊၊ ကျွန်တော် အောင်မြင်တဲ့ ဂေး ဘဝ ဆိုတာ ထက် သူ့ကိုပဲ လိုချင်ခဲ့မိတာ ၊၊ ကျွန်တော်ဟာ အ’ နေတဲ့ ဂေးဇာတ်ကောင် တစ်ယောက်ဆိုပေမယ့် ဒီဘာသာစကားကို ချစ်တယ် ၊၊ စန္ဒရားဆရာ ကို ချစ်တယ် ၊၊ ဘယ်တော့မဆို စန္ဒရားသံ တွေကို လဲ ကြားချင်တယ် ၊၊ ဒါပေမယ့် ခွင့်လွှတ်ပါ စန္ဒရား ဆရာရယ် ၊၊ ကျွန်တော် .. ၊၊

ဘာလို့လဲ မသိဘူး သေသွားခဲ့တယ် ၊၊ ၊၊

ဇာတိ

Saturday, March 12, 2011

ငါးနှစ်တာ ချစ်ချင်ယုယခဲ့မှုအား နှစ်နာရီစာ ဖောက်ပြားမှုနှင့် ဖျက်စီးခဲ့သော သူမအပေါ် ထားသော ကျွန်တော် ၏ အမုန်း

ငါ နင့်ကို မုန်းတယ်
မုန်းတယ် ၊၊

နင့် မျက်နှာလဲ
မမြင်ချင်တော့ဘူး ၊၊

နင့်ဖင်ကြီးလဲ
မမြင်ချင်တော့ဘူး ၊၊

မုန်းတယ် ၊၊ ၊၊
ဇာတိ

Monday, March 7, 2011

....ကတိ....

ကတိတွေ ပေးခဲ့တယ် ၊၊ အခု ပွဲချင်းပြီး သေဆုံးသွားတဲ့ ကတိတွေကို သူ အရင်က ပေးခဲ့တယ် ၊၊ မိုးရေစက်တွေဟာ ဘာလို့ အမြဲတမ်း စိုရွှဲနေကြရတာလဲ လို့ တွေးမိနေပေမယ့် ဒါဟာ နွေရာသီတစ်ခုသာ ဖြစ်တယ် ၊၊ အိပ်မက်ဆိုးတွေက လွတ်မြောက်မြောက်နိုင်ချင်း သေခြင်းတရားနဲ့ တွေ့ဆုံလိုက်ရတဲ့ သူရူးတစ်ယောက် အတွက် ကြေကွဲမျက်ရည်တွေဟာ ဘယ်မျက်လုံးတွေမှာ ရှိနေနိုင်လို့လဲ ၊၊ အဲ့ဒီ သူရူးဟာ ကိုယ်ပဲ ဝတ်မှုန်ဖြူ ၊၊ ဟုတ်တယ် အဲ့ဒီ သူရူးဟာ သူပါပဲ ၊၊ သူချစ်တဲ့ မိန်းမတစ်ယောက်ကို ကိုယ်ဝန်ကြီးနဲ့ ပြန်လည်တွေ့ဆုံအပြီးမှာ သူ ပွဲချင်းပြီး သေသွားတယ် လို့ သူထင်နေတာ ၊၊ သူ့ကိုယ်သူ ကတိတစ်ခုလို့ သူထင်နေတာ ၊၊ ဒါဘယ်လို ဖြစ်နိုင်မလဲ ဝတ်မှုန်ဖြူ ၊၊ ကိုယ်တို့ မနေ့တနေ့ကမှ စနေနေ့ (၁၁)နာရီ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဆိုတဲ့ ကဗျာစာသား ကို ရေရွတ်ခဲ့ကြတာ ၊၊ ကျွန်တော် ဘယ်တုန်းက နားလေးသွားတာလဲ ၊၊ မှတ်မိလား ဝတ်မှုန်ဖြူ ၊၊ အထူးပြုလုပ်ချက်တွေ မရရှိမီက ပြောခဲ့တဲ့ စကားတစ်ခွန်း ၊၊ စာသားတွေမှာ ဆွဲငင်အားတစ်ခု ရှိနေသလို ခံစားရတယ် ၊၊ ပိုချင်လဲ ပိုနိုင်တာ သူတို့အလုပ်ပဲ ၊၊ ကိုယ်တို့ မနေ့တနေ့ကမှ ချစ်သူတွေ အဖြစ် ရှိနေကြတာ မဟုတ်ဘူးလား ဝတ်မှုန်ဖြူ ၊၊ ပြီးတော့ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ဘယ်သူနဲ့မှ မတူတော့အောင် ချစ်တယ်လို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား ၊၊ အခု ဘာလို့များ ကိုယ့်ကို အခုမှ မှတ်မိသွားတဲ့ပုံစံမျိုးနဲ့ ကြည့်နေရတာလဲ ၊၊ ကျွန်တော် ခံစားနေရတယ် ဦးစတီဗင်ဟော့ကင်း ၊၊ ရန်ကုန် နဲ့ မော်လမြိုင် ဟာ ပန်းပွင့်ဖြူဖြူလေးတစ်ပွင့်ပဲ ဝေးသလို ခံစားရတယ် ၊၊ ဒါပေမယ့် အဲ့ဒါဟာ ကဗျာစာသားတစ်ခု နဲ့ ဆင်တယ် ၊၊ အဲ့ဒီအရာကို ဘယ်တုန်းကမှ မလွမ်းဆွတ်ဘူးသလို ခံစားရတယ် ၊၊ ဒါပေမယ့် အဲ့ဒါဟာ သီချင်းစာသား တစ်ခုနဲ့ ဆင်တယ် ၊၊ ဘာအသံနေအသံထား မှ မရှိတဲ့ ပတ်ဝန်းကျင်တွေ ကျွန်တော့်ရှေ့မှာ ပြေးလွှားနေတာ ၊၊ ကျွန်တော့် ရှေ့မှာ ငြိမ်သက်နေတာ ၊၊ ကျွန်တော် အကြောက်ဆုံးက မောင်းနှင်သူမရှိပဲ စန္ဒရားခလုတ်တွေ ပြေးလွှားနေတဲ့ လှုပ်ရှားမှုမျိုး ၊၊ ဖန်ပုလင်းလေးထဲမှာ ငါးတစ်ကောင်ရဲ့ ဘဝ ဆုံးရှုံးသွားတဲ့ ငါးတစ်ကောင်ရဲ့ ပုံရိပ်မျိုး ၊၊ ပြီးတော့ တီးခတ်စရာမရှိပဲ လှုပ်ရှားနေတဲ့ လက်ချောင်းတွေရဲ့ မြင်ကွင်းမျိုး ၊၊ ငါ ပြန်လိုချင်တဲ့ နွေးထွေးမှုဟာ လူတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ထဲက ဓာတ်ဘူးတစ်ခုရဲ့ အတွင်းသားတွေ ဆီမှာလား ၊ အလွမ်း ၊၊ ဘာရည်ရွယ်ချက်မှ မရှိတဲ့ အေးစက်မှုတွေဟာ အလုံပိတ်ထားတဲ့ နေရာလွတ်(ဖြစ်သွားပြီ) တွေဆီက ထွက်ကျလာသလိုမျိုး ၊ ငါပြောခဲ့တယ် ငါခံစားနေရတယ် ၊၊ ‘ဆပ်ပြာပူဖောင်းလေးတွေဟာ အသက်သိပ်မရှည်ကြဘူးနော် .. မောင်’ ၊၊ စာသားတွေမှာ ဆွဲငင်အားမရှိဘူးလား ဝတ်မှုန်ဖြူ ၊၊ သူ့ကို ဝတ်မှုန်ဖြူ ဟာ အားနာသလို ကြည့်တယ် ၊၊ နှုတ်ဆက်တယ် ၊၊ ‘မတွေ့တာ ကြာပြီနော်’ ဆိုတဲ့စကားကို ပဲ့တင်သံ မထွက်အောင် ပြောတယ် ၊၊ မနေ့တနေ့ကမှ ကိုယ်တို့ဟာ ချစ်သူတွေမဟုတ်ဘူးလား ဝတ်မှုန်…ဖြူ ၊၊ ဒါတွေဟာ အလိုတော်အတိုင်းပဲ ဖြစ်လာတာပဲ မောင် ၊၊ စပီကာထဲက အသံတွေဟာ မောင် နားလေးနေမယ်ဆိုရင်တော့ ကျွန်မ ကို လွမ်းဆွတ်ဖို့ ပြေလျော့စေနိုင်မှာ အမှန်ပါပဲ ၊၊ ကျွန်မ လဲ ထပ်တူ ဝမ်းနည်းနေခဲ့တယ် ၊၊ ကျွန်မ ခန္ဓာကိုယ်ပေါ်ကို သတို့သမီးဝတ်စုံ ရောက်မလာခင်အထိပေါ့ ၊၊ ခဏနေ ဆိုရင် ကျွန်မ မင်္ဂလာဦးညထဲ ဝင်သွားရတော့မယ် ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မင်္ဂလာဆောင်ကို ဆက်ဆက်လာခဲ့နော် ၊၊ ကလေးက ယောက်ျားလေးတဲ့ ၊၊ မင်္ဂလာရက်က စနေနေ့ ၁၁ နာရီပါ ၊၊ ကျွန်တော် မကျေနပ်နေတာ အဲ့ဒါကိုပဲ ၊၊ စပီကာထဲက အသံတွေကို ဘာလို့ 3D နဲ့ ပြုလုပ်ထားရတာလဲ ၊၊ ကျွန်တော် မျက်မှန်တပ်လိုက်တယ် ၊၊ ပြီးတော့ ဒီ 3D မင်္ဂလာပွဲကို ထိုင်ငေးနေလိုက်တယ် ၊၊ သူတို့ရဲ့ လက်ထပ်ပွဲမှာ ကျွေးတဲ့ နေကြာစေ့တွေကို ကျွန်တော် အကြိုက်ဆုံးပဲ ၊၊ ပြီးတော့ .. ကျွန်တော် ဝမ်းနည်းနေလိုက်တယ် ၊ သတို့သမီး ဝတ်စုံရောက်မလာခင် အထိ ၊၊ တီးရတဲ့ လက်ခုပ်သံတွေထဲမှာ ကျွန်တော် အကျယ်ဆုံးပဲ ၊၊ ကျွန်တော့် လက်သည်းခွံတွေတောင် ပြုတ်ထွက်ပျက်ကျ ကုန်တဲ့အထိပဲ ၊၊ ပြီးတော့ ရယ်မောနေလိုက်တယ် ၊၊ ပြီးတော့ အဝေးကို လျှောက်ငေးနေလိုက်ရင်း မြင်တွေ့မိတဲ့ တစ်ခါမှ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းမျိုးကိုတောင် ဓာတ်ပုံတွေထဲမှာ ကြိုတင်မြင်တွေ့ဖူးခဲ့တာပဲ လို့ စိတ်ကထင်နေမိတယ် ၊၊ ပြီးတော့ စာသားတွေမှာ ဆွဲငင်အားမရှိဘူးလား ဝတ်မှုန်ဖြူ လို့ ပဲ့တင်သံထွက်အောင် ရေရွတ်တယ် ၊၊ ပြီးတော့ ခုနက သူပြောခဲ့သလိုမျိုး ခံစားနေလိုက်တယ် ၊၊ ပြီးတော့ သူဇဝေဇဝါ ဖြစ်တယ် ၊၊ ပြီးတော့ သူနဲ့ သတို့သမီးဝတ်စုံ ဝတ်ထားတဲ့ သတို့သမီးဟာ မနေ့တနေ့ကမှ ချစ်သူတွေအဖြစ်ရှိခဲ့တာလို့ တွေးတယ် ၊၊ ပြီးတော့ ဇဝေဇဝါ ထပ်ဖြစ်တယ် ၊၊ ပြီးတော့ ကျွန်တော် အိပ်ပျော်သွားတယ် ၊၊ နောက်ဆို မရှိတော့ဘူးဆိုတာ နောက်ဆို အလိုလို သိသွားမှာပါ ၊၊ ဒါပေမယ့် သူက သူ့ကို စနေနေ့ ၁၁ နာရီ နှိုးစေချင်တယ် ၊၊ စနေနေ့ ၁၁နာရီ မှာ တွေ့ကြမယ်လို့ ဝတ်မှုန်ဖြူ က သူ့ကို ကတိတွေပေးခဲ့တယ် ၊၊

- ဇာတိ -

- ညွှန်း - ဇော်ဇော်အောင် ၊၊ လင်းနီညို ၊၊ မောနွေ ၊၊ ရုပ်သေး ၊၊ ပန်းပွင့်ဖြူ ၊၊

Wednesday, February 23, 2011

ဂေးဘဝ ရှာပုံတော်

သူ ဂေး တဲ့။

အိန္ဒိယနိုင်ငံမှာ အုတ်အော်သောင်းနင်း

ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့တဲ့ ဂေး ၊၊

အော်ဇီ လွှတ်တော် အမတ် မ တယောက် က

I'm openly Gay တဲ့။

ဂေး ဖြစ်တော့ ဘာဖြစ်သွားလဲ။

သောက်ဂရုကို မစိုက်ဘူး။

ဟိုမို(ဂေး) များအတွက် ငွေပေးရင် ဂေး ဖြစ်နိုင်သလား

ဒါမှမဟုတ် လိင်စိတ်ခံယူမှုနဲ့ လိင်မှုကိစ္စ ၊၊

သုံးပတ်အတွင်း အမေရိကန် ဆယ်ကျော်သက် ဂေး ၅ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင် ၊၊ ခေတ်ရေစီးကြောင်းအရပေါ့ ၊၊

ကျေနပ်အောင် ဂေး လို့ ပြောပေးလိုက်ပေါ့ကွယ် ( ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း ) ၊၊

ဂေး ဆို တာ .. အ ပွင့် တစ် မျိုး တည်း ရှိ တာ မ ဟုတ် ဘူး ဆို တာ သိ စေ ဖို့ 

ကမ္ဘာ့အလှဆုံး ဂေး အလှမယ်ပြိုင်ပွဲ ၊၊

အစ္စရေး ဂေး စစ်သားတွေကို အပြာရုပ်ရှင်မင်းသား လူခက်စ် သွားရောက် ဖျော်ဖြေမည် ၊၊

မိုက်ကယ် လူခက်စ်ဟာ ဂေး ၊၊

စိတ်ပူသွားမိသည်။

ဒီကောင်တွေ ဂေး ... ဂေး ၏ မျက်စောင်းက အကြောင်း ၃ ပါးမရွေး။

ဂေး (လိင်တူချင်း ဆက်ဆံသူ)တွေအတွက် ဘောလုံးလောကမှာ နေရာမရှိ ၊၊

အမေရိကန်တွင် နိုင်ငံရေး ခုံလှုံခွင့်တောင်းခံနေရသော ဂေး ၊၊

အ ခု တ လော .. ဂေး ဆန့်  ကျင် ရေး ဆောင်း ပါး တွေ နဲ့ ဂေး ဆန့်  ကျင် ရေး အ သံ များ ၊၊

မာမီဟိန်း ကို အရမ်းရွံသွားပြီ ၊၊

အမျိုးသား အားလုံးရဲ့ ၂ရာခိုင်နှုန်း (စုစုပေါင်း လူဦးရေရဲ့ ဝ.၇ ရာခိုင်နှုန်း) က ဂေး ၊၊

(ဂေး) ကို ယောက်ျားသားတွေက အပိုင်သိမ်းလာကြတယ်။

ဂေး ဖြစ် ခြင်း နှင့် နယ် ချဲ့ ဝါ ဒ ၊၊

ဂေး ဖြစ် ခြင်း သည် ..ဘိန်း စွဲ ခြင်း မ ဟုတ် ၊၊

အကြောင်းက MSM ဆိုတဲ့ အတိုင်း အမျိုးသားချင်း ချစ်သူ (ဂေး)တွေကို အဓိကထား ၊၊

တ ကယ့် ဂေး အ စစ် ကို ..ဘယ် သူ က မှ.. ဂေး မ ဖြစ် အောင် လုပ် လို့  မ ရ နိုင် ၊၊

ကမ္ဘာတစ်ဝန်း ကျော်ကြားလာသောTea party ( ဂေး (Gay) များအရေးကို အလွန်အမင်း ထောက်ခံသည့် တစ်ခုတည်းသော ပါတီလည်း ဖြစ်သည်။ ) ၊၊

ဂေး တွေဟာ ဟော်မုန်း နဲ့ ဗီဇ သဘာဝ အရ မလွှဲမရှောင်သာ ဖြစ်ကြရပေမယ့် ဂေး တွေ ဟာ .. လူ ထဲ က လူ တွေ ဖြစ် ၊၊

မသိမသာ ဂေး ဘဝ စတင်လာခဲ့ တာတွေ လဲ ဘဝ အစ တွေ မှာရှိခဲ့ ကြ ပါတယ်။

ကျွန်တော်တို့ ဂေး ဘဝဟာ ကိုယ်ချစ်နေတဲ့သူရှိနေပေမယ့်လည်း မပြောရဲတဲ့ ဘဝ။

လက်တီနို၊ မူရင်းအမေရိကန်၊ ဂေး (ယောင်္ကျားလျှာ၊ မိန်းမလျှာ)၊ သာမန်ပုဂ္ဂိုလ်၊ Ellen ကတော့..ဗြောင်ပဲ။

သူ ဂေး တဲ့။

ဂေး နဲ့ ပတ်သက်လို့တော့ အထင်သေးရှုံ့ချချင်တဲ့စိတ် ကျနော့်မှာ မရှိပါဘူး။

ဂေး(gay)ခင်သူများ သို့မဟုတ်

ဂေးအခွင့်အရေးလှုပ်ရှားသူများ ဆက်လက်မဖတ်ဖို့ ၊၊

God Save The Gays!

Myanmar LGBT Society.

Not a member? Sign Up Now!




Source : www.google.com

ဇာတိ

Saturday, January 15, 2011

ရုပ်ရှင်




ပါဝင်ပတ်သတ်သည့် ပစ္စည်းများ
            မြင်တွေ့ဖူးနေကြ စားပွဲခုံပုလေးများ
            စကားပြောခန်း နည်းနည်း
            ရယ်သံ ၊ ကြယ်တွေနည်းနည်းကြွေ
            အပြုံး
            အသက်ငယ်ချင်သွား
            ချောင်းဆိုး ( မသိသာစေပဲ အနည်းငယ်လုပ်ယူ )
            ဆေးလိပ်မီးညှိ
            အပြင်လောက မှာ ဖြစ်နေတဲ့ အကြောင်းအရာအချို့ဟာ ဒီဇာတ်ဝင်ခန်းတွေနဲ့ လာလာတိုက်ဆိုင်တယ်၊၊
း)
            အသက်တွေ အသက်ရှုရင်းပဲ ကြီးလာကြတယ်နော် ၊၊
း)
            ဘာမှ ပြောင်းလဲမသွားရအောင် ကျောက်ရုပ်တစ်ရုပ်မှ မဟုတ်တာ ၊၊ သူတို့တောင် မသေချာဘူး ၊၊ ဓာတ်ပုံတွေ ရောပဲပေါ့ ၊၊
            ရှိသေးတယ် ၊၊ နှစ်ပုံထဲလေ ၊၊  ဓာတ်ပုံတွေက သူတို့တာဝန် သူတို့ ကျေပါတယ် ၊၊
း)
            ဒီ လို ပဲ လေ ၊၊ အဟား ၊၊ ရုပ်ရှင်တွေထဲကလို ၊၊ ဒါမှ မဟုတ် ၊၊ အပြင်လောက ကလို ၊၊
            ဟုတ် ၊၊ နာရီဝက်ကျော်သွားပြီလား ၊၊ အဆင်ပြေအောင်နေနော် ၊၊ ပြီးတော့ … တစ်ခါတစ်လေ အဆင်မပြေအောင် နေ ၊၊
            ngar min ko chit nay tone pal ! min asin pyay ag nay par. Min ka yout kyar 1 yout pal. Pyay mhar par. Bye bye.
း) ၊၊ အဟုတ်ပဲ ! ၊၊ အနှေးပြကွက်တွေဟာ ဒီ နာရီဝက် နဲ့ ဆို သုံးနှစ်တောင်ရှိခဲ့ပြီ ၊၊
           
            ကဒ် ၊၊ ၊၊

ဇာတိ

Friday, January 7, 2011

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ

ဝတ္ထုတစ်ပုဒ်မှာ ပါဝင်မယ့် ဇာတ်ကောင် အားလုံးဟာ သက်ရှိ လူသားများလို့ ရေပန်းစားနေခဲ့တာဟာ အနုပညာ နယ်မြေ ထဲကို ပီပြင်တဲ့ ဇာတ်ကောင် စရိုက်နဲ့ ချရေးလိုက်တဲ့ ဇာတ်ကောင်တွေက သက်ရှိ ဇာတ်ကောင် တွေ ဖြစ်နေတဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင် စရိုက် တိုင်းက အပြင်မှာ ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် အချိတ်အဆက် မိနေအောင် ဖန်တီးကြပြီးရင် စာရေးဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်၏ စိတ်ကို ပိုပြီး အသေးစိပ် ဖော်ပြထားပါတယ်၊၊ ဇာတ်ကောင် မပါသော ၀တ္ထုမရှိဟု မဆိုလိုပါ။ ဇာတ်ကောင် စရိုက်တွေက ဘာတွေလဲ။ဆိုလိုသည်မှာ ဇာတ်ကောင်၏ အတွင်းရေးများ၊ ဇာတ်ကောင်၏ သဘောသကန်၊ သရုပ်စသည်တို့ကို ဘာသာစကား အခြေခံဖြင့် ရေးသားသောဇာတ်ညွှန်း ကိုဖတ် ကြည့်ပြီးနောက် သူ သရုပ်ဆောင် ရမယ့်ဇာတ်ကောင် ရဲ့ စေ့ဆော်မှု (motivation) ၊၊ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားခဲ့တယ်။သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ၃ ဦးတွင် ဝံပုလွေလာဆင်က အဓိက ပိုကျသည်။ သူသည်ပင် ပင်လယ်ဝံပုလွေဟု ဆိုရမည်။ ဤသို့ဆိုလျှင် လာဆင်သည် ဇာတ်လမ်းမရှိပဲ ဇာတ်ကောင်ဖြစ်လာနိုင်ပါသလား။ထိုအချိန်မျိုးတွင်သူသည်စာအုပ်ထဲမှ ဇာတ်ကောင် ဖြစ်သွားသည်၊၊ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမှ ဇာတ်ကောင် အမျိုးသမီး၏ အသက်သည် ၁၈နှစ်ပင် မပြည့်သေးသော်လည်း ဗိုက်နဲ့ကျန်ခဲ့သောကြောင့် ဖြစ်သည်၊၊ ယခု ကဲ့သို့ အောင်မြင် မှုများ ရရှိ နေသော်လည်း သူမကမူ ကွဲပြားသော ဇာတ်ကောင်စရိုက် ရရှိနိုင်အောင် စွမ်းဆောင်ချင်နေသေးသည် ၊၊ ဆယ်ကျော်သက် ဇာတ်ကောင်လေးမလေး တော်တော်များများက မာနကြီးပြီး မြိုသိပ်တတ်ကြလွန်းကြသော ဇာတ်ကောင် အမျိုးသမီးများကို နှစ်သက်ကာ လွှမ်းမိုးခံရလေ့ရှိသည် ၊၊သို့သော် ဇာတ်ကောင်စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားတယ်။ ဒါကြောင့် စာရေးဆရာက ဇာတ်ကောင်ကို ထိုးလိုက်တဲ့အခန်းက အထင်လွဲရင် ဖြစ်စေတတ်တဲ့ သဘောမျိုးဖြစ်ပေမယ့်လို့ ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် မြန်မာပရိသတ်ကို စွဲစွဲမက်မက် ဖြစ်စေခဲ့ပြီး အနုပညာပိုင်းအရ အောင်မြင်စေခဲ့ပါသည်၊၊ ဇာတ်ကောင် အများစုဟာ ideal တွေဘဲ၊ အပြင်မှာ သိပ်မရှိနိုင်ဘူး။ ဇာတ်ကောင် အားလုံးသည် အပြင်မှာ တွေ့နေကျ၊ သာမန် လူသားများအတိုင်း ဖြစ်သည်။ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊

Source: www.google.com

Friday, December 10, 2010

သရုပ်မှန် အက်ဆေး

သရုပ်မှန် အက်ဆေး

(I)
တစ်ယောက်တည်း ဝင်ကြည့်ဖြစ်တဲ့ရုပ်ရှင်
သူ့ဘာသာပြီးသွားတော့မှ ထထွက်လာခဲ့တယ် ၊၊ ၊၊

(II)
            နောက်ဆုံးတော့လေ ၊၊ အားကိုးဆုပ်ကိုင်စရာမဲ့နေတဲ့ ငွေကြေးချမ်းသာသော အဘွားအိုကြီးရဲ့ ရင်ခွင်မှာ မှေးစက် ဖို့ ကျွန်တော့်စိတ်တွေ အလိုမတူပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ဟာ အိမ်ထောင်ပြုခြင်းထဲကိုတွန်းအချခံလိုက်ရတယ်၊၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အချစ်ဦး ရယ်၊၊ အချစ်ဦး သီချင်းဟာ ကြေကွဲစွာ ကွဲကြေပြီးအငွေ့ပျံသွားပြီ ၊၊ ကျွန်တော့်ရဲ့ ဘာမှ မတတ်နိုင်ခြင်းတွေဟာ ဘာမှ မတတ်နိုင်တော့ပါပြီ ၊၊ မုန်းတီးခြင်းနဲ့သာ ခွင့်လွှတ်ပေးပါတော့ … ၊၊ အချစ် ရယ် … ၊၊ ၊၊

(III)
            အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ညည့်ငှက်တစ်ကောင် ဖြစ်ခဲ့တာလေ ၊၊ ကျွန်တော်ရည်မှန်းထားတဲ့ ကဗျာဆရာ ဖြစ်ခွင့် ဟာ အရမ်းကို ဘဝဆန်ခဲ့ပါတယ်၊၊ ငယ်စဉ်ဘဝထဲက မတ်စောက်ခဲ့တဲ့ လှေကားတွေ ခုချိန်ထိလဲ မတ်စောက်နေဆဲပါ၊၊ ကျွန်တော့်လက်ရှိဘဝဟာ ကျွန်တော့်ဘဝမှာ ကျွန်တော်မလိုချင်ဆုံးဘဝပါပဲ ၊၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိင်မှုရေးရာ ကို အဲ့ဒီ မိန်းမတွေဟာ ခူးဆွတ်ကြတယ် ၊၊ ကျွန်တော့်တစ်ကိုယ်တော် ရပ်တည်မှု အခက်အခဲကို အဲ့ဒီမိန်းမတွေဟာ ငွေကြေးနဲ့ လဲလှယ်ပြီး ကျွန်တော့်ဆီမှာလိင်မှုခရီးထွက်ကြတယ် ၊၊ ကိုယ့်ကိုကိုယ် အရည်ပျော်ပစ်ပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ် ပစ်လိုက်ချင်တယ် မေမေရယ် ၊၊ ကျွန်တော် ညဥ့်ငှက်တစ်ကောင်မဖြစ်ချင်တော့ဘူး၊၊ ညဥ့်ငှက်တစ်ကောင် ကျွန်တော် မဖြစ်ချင်တော့ဘူး ၊၊ ကျွန်တော်စာရွက်တွေပေါ်မှာ ကဗျာတွေရေးပြီး ကောင်းကင်ပေါ် ဝေ့ဝဲပစ်တင်ပစ်လေ့ရှိတယ် ၊၊ တမလွန်က မေမေ ဖတ်ဖို့ပါ၊၊ ဗီးနပ်စ် ကို ဂြိုလ်တစ်ခုလို့ မသုံးပဲ နတ်သမီးလို့ပဲ သုံးရအောင် ၊၊
            ဒီစာရွက်ထဲက ကဗျာတွေ က မင်းရေးတာတွေလား ၊၊
            ဘာလို့ လွှင့်ပစ်တာလဲ ၊၊
မမဟာ ကျွန်တော့်ဆီကို သန့်သန့်ရှင်းရှင်း ရောက်လာခဲ့တယ် ၊၊ သန့်သန့်ရှင်းရှင်းဆိုတာ ဘာမှ ပေကျံနေခြင်းမရှိဘူးလို့ ဆိုလိုတာပါ ၊၊ အလိုဆန္ဒ၊လောဘ၊ရာဂ ၊၊
            တို့ အရမ်းသဘောကျတယ် ၊၊ လွှင့်ပစ်တာကိုတော့နားမလည်ဘူး ၊၊
            ရှင်းပြခိုင်းတယ်ဆိုတဲ့သဘောလဲမဟုတ်ဘူး။
            ဘာအဓိပ္ပါယ်လဲဆိုပြီးရန်လိုတဲ့သဘောလဲမဟုတ်ဘူး။
            လူကိုယ်တိုင်လိုက်ပို့ခိုင်းတာမဟုတ်ဘဲ လမ်းညွှန်ပေးခိုင်းတဲ့သဘော။
            အဲဒီလိုမေးလို့ရမလား။
            တမလွန်က မေမေ့အတွက်ပါ မမရယ်။
တကယ့်ကိုသန့်သန့်ရှင်းရှင်းတွေ့ဆုံခဲ့တာပါ။ မမဟာ ကံကောင်းတဲ့ ပန်းပင်လေးပဲ။ ကျွန်တော်ဘယ်လိုကြည့်ရှုစောင့် ရှောက်မလဲ။ ငေးရုံလေးသာ ငေးဖို့တောင်တတ်နိုင်ပါ့မလား။ ကျွန်တော်ဘယ်လိုဘဝမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာ မမသိသွားရင် ကျွန်တော့်ကိုရွံသွားမှာပါ။ မမနဲ့ တွေ့ဆုံရခြင်းဟာ ပျော်ရွှင်မှုတွေ ရောထွေးပါဝင်လာတဲ့ ကြောက်ရွံ့မှု တစ်ခုပဲ။
            မင်းကဗျာတွေကိုပုံနှိပ်ဖော်ပြခံရရင်ပျော်မိမလားလို့ တွေးဖူးသလား။
            တွေးဖူးတယ်။ စိတ်ကူးအကြီးကြီးယဉ်ကြည့်ဖူးတယ်။
ကဗျာဆရာနဲ့ညဥ့်ငှက်တစ်ကောင်။ ဘယ်အလင်္ကာနဲ့တွဲရေးရမလဲ မမရယ်။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ ကျွန်တော် အလေးစားဆုံးက ကဗျာဆရာတွေ။ ဟုတ်တယ် မမ။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ မမ။ မမ။ မမက အကောင်းမြင်ဝါဒီ။ ကျွန်တော့်စိတ်တွေအားပြည့်လာတယ်။ မမပြုံးလိုက်ရင် လျှပ်စီးလက်လိုက်သလိုပဲ။ ရင်ခုန်ကြောက်ရွံ့မိ။ အခိုက်အတန့် ပျော်ရွှင်မှုကို တစ်ဘဝလုံးနဲ့လဲရဲသလား။ ကျွန်တော်လဲချင်တယ်။ မမကို ကဗျာတစ်ပုဒ်ပေးလိုက်တယ်။ မမနဲ့ တွေ့ဆုံပြီးချိန် တိုင်းဖြစ်ရတဲ့ ညဥ့်ငှက်ဘဝ။ အဲဒီပျံသန်းမှုမှာ ကျွန်တော်မောနေပြီ။ လေဒီကြီးတစ်ယောက် ကားတိုက်မလိုဖြစ်တယ်။ ဝင်ကူလိုက်တာ လက်ဖဝါးကွဲသွားတယ်။ လေဒီကြီးက ဆေးဖိုးဆိုပြီး ပိုက်ဆံတစ်အုပ်ပေးတာယူပြီး အိမ်ပြန်အိပ်တယ်။ ညဥ့်ငှက်ဘဝရဲ့ အားလပ်ရက်။ လကို ကဗျာဆရာတွေ ဘာလို့ခဏခဏစာဖွဲ့လဲသိလိုက်တယ်။ အဲဒီအရာဟာ အလွမ်းလား မမ။ မမက ကစားကွင်းကိုခေါ်သွားတယ်။
            မင်းမနေ့က ပေးတဲ့ကဗျာ အလွတ်ရရင်မင်းပါးစပ်နဲ့ခုရွတ်ပြ။
ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုရှေ့မှာထားပြီး ကဗျာရွတ်ပြခွင့်ရတာ ဘယ်လို မင်္ဂလာလို့ခေါ်မလဲ။
            မင်းကိုလဲ တို့ချစ်တယ်။
            မင်းဘဝကဘယ်လိုဖြစ်နေတာလဲဆိုတာလဲ တို့သိတယ်။
            ဒါပေမယ့် အဲဒါကတို့အချစ်နဲ့မဆိုင်ဘူး။ ဒါပေမယ့်လည်း တို့မနာလိုဘူး။
            မင်းအဲဒီဘဝကရုန်းထွက်ပါ။ ရုန်းထွက်ဖို့ကြိုးစားပါ။
            တို့အချစ်နဲ့ဘာကိုမှမရောထွေးဘူး။ ဘဝဆိုတာကတော့ လာရောထွေးလိမ့်မယ်။
            မင်း တို့အနားရောက်ဖို့တာဝန်ယူရင် တို့က မင်းဘေးနားမှာရှိနေဖို့တာဝန်ယူတယ်။
ကလေးကစားကွင်းက ကလေးဘဝ ဇာတ်ဝင်ခန်းတွေကို ပြန်မြင်ယောင်စေတယ် မေမေရေ …။ မေမေရေ …။ ဘဝက တစ်ခါတလေကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံနေရရင်ပဲ အဓိပ္ပါယ်ရှိတတ်တာပဲ။ များသောအားဖြင့်အတိုင်း ပေါ့။ လေပြည်ထဲက အောက်စီဂျင်တွေမီးလောင်ခဲ့ပြီ။ နောက်ဆုံးလို့မပြောပေမယ့် မမကသဘောပေါက်ပုံရတယ်။ မျက်လုံး ချင်းဆုံနေကြတယ်။ အချိန်တွေကုန်ဆုံးမသွားပါစေနဲ့ရယ်လို့ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ဘုရားဆုတောင်း တယ်။ ညနေခင်းဟာ လေပြည်တွေကိုယူခဲ့ပြီ။ လေပြည်တွေဟာ ပူအိုက်ခြောက်ကပ်မှုကို ယူခဲ့ပြီ။ မမက ကျွန်တော့် လက်ခုံမှာ စာကြောင်းလေးတစ်ခု ရေးပေးခဲ့တယ်။ Eyes Bye! မျက်လုံးတွေရဲ့ နှုတ်ဆက်မှုပေါ့။
မင်းအဲဒီဘဝက ရုန်းထွက်ဖို့ကြိုးစားပါ ကောင်လေးရယ်။

(IV)
            အိမ်မရှိဘူးကွယ်။  ။ (မောင်သိန်းဇော်)
            ကိုယ်ဘယ်ရောက်နေလဲ မသိတဲ့လူတစ်ယောက်ကို
            သူ့ရဲ့မွေးနေ့မှာ ဘုရားဆုတောင်းပေးတယ်။
            အဖေဆိုတဲ့အသံကို
            ပါးစပ်ကထွက်ဖို့ခက်နေတာကြာပြီ။
            ဖခင်အမည်ဆိုတဲ့ မေးခွန်းမှာ
            ကိုယ့်နှုတ်ခမ်းတွေ ခွမ်းကနဲ ကွဲသွားတယ်။
            အဖေ …
            ကျွန်တော်တို့ အမြစ်တွေ တိုတောင်းခဲ့ …။

(V)
            အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကျွန်တော့်ရဲ့ မိထွေးဆိုတာရောက်လာတာပါပဲ။ ကျွန်တော့်ထက်ရှစ်နှစ်လောက် ပဲကြီးတဲ့ မိထွေးဟာ ကျွန်တော့်ကိုမြင်ကတည်းက စီးပိုးစွာဆက်ဆံတယ်။ အခွင့်အရေးတွေယူဖို့ သူ့မှာလက်တံတွေ အများကြီးပါလာတယ်။ အဖေ့ကိုလည်း အရမ်းနိုင်တယ်။ ကျွန်တော့်ရဲ့ လူငယ်ဘဝဆီကို ငရဲဟာမြေကြီးထဲက ထိုးထွက်လာတယ်။ ဘယ်ဘဝဟောင်းက လွှတ်လိုက်တဲ့ငရဲလဲ။ မေမေရေ …။ အသက်ရှင်ခြင်းမှာ တံခါးပေါက်တွေ ပိတ်ဆို့ခဲ့ပေါ့။ တစ်နေ့ အဖေခရီးထွက်သွားရတယ်။ အားကိုးစရာမရှိတဲ့အခါမှာ မိုးသက်လေပြင်းဟာ အရင်ရောက်လာ တော့တာပဲ။ ၁၈နှစ်သားလေးဟာ မိုးခြိမ်းသံတွေကိုကြောက်တယ်လို့ပြောရင် အဆန်းတကြယ်ဖြစ်သွားမလား။ မိသားစု ကောင်းကင်ဟာ ဘယ်ဆီမှာ။ ကျွန်တော်ကြောက်လိုက်တာ။ ကျွန်တော့်မိထွေးဟာ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ …။ ကျွန်တော့်လူပျိုရည်ကို ပေါက်တူးတစ်လက်နဲ့ တူးဆွခဲ့။ ကျွန်တော့်လိင်မှုအစုအဝေးကို ကျွန်တော့်မိထွေး အပိုင်စီးခဲ့တယ်။ ကျွန်တော့်အလိုမတူမှုဟာ အသံထွက်ခွင့်မရခဲ့ဘူး။ ကျွန်တော့်လိင်မှုအဖွဲ့အစည်းမှာ သူပျော်ပွဲစားထွက်ခဲ့ တယ်။ ကျွန်တော့်အလိုမတူမှုဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်လူပျိုရည်ဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်မျက်ရည်တွေ စီးကျခဲ့ပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အဝေးကြီးချလိုက်တယ်။ အိမ်ဆိုတဲ့ကြိုးကိုဖြတ်ခဲ့တယ်။

(VI)
            မေမေမရှိတော့ဘူးဆိုတဲ့ စာရွက်တွေ
            ကျွန်တော်ဆုတ်ဖြဲခဲ့ …။
            မေမေ့အသံနဲ့ …။
            မေမေ ဘယ်ကိုထွက်သွားတာလဲ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကျွန်တော့်ကိုခေါ်ပါ။
            ကြေကွဲစရာလှပမှုတစ်ခုပဲ။
            မေမေ့အနီးမှာ ပန်းတွေနဲ့ဝေ … လို့။    ။

(VII)
            မိသားစုတွေဆိုတာ
            ချမ်းမြေ့စရာ အမှုန်အမွှားတွေပဲ။
            အဖေက မေမေ့လက်ကိုတွဲ …။ မေမေက အဖေ့လက်ကိုတွဲ။
            ကျွန်တော်က မေမေ့လက်ကိုတွဲ။ ကျွန်တော်က ဖေဖေ့လက်ကိုတွဲ။

(VIII)
            ငယ်ငယ်က
            မိဘကို အသိမပေးဘဲ
            တစ်ယောက်ထဲ ဝင်ကြည့်ဖြစ်တဲ့ ရုပ်ရှင် …။      ။
ဇာတိ ( ကဗျာရေးသည် )

Sunday, November 28, 2010

ကဗျာရေးသည်

နိမိတ်ပုံ၊ စွန့်ပစ်ပစ္စည်းများ၊ ဆီသည်မလက်သုတ်ပုဝါ၊ တနင်္ဂနွေ၊ နွေရာသီ၊ ဘုရားသခင်၊ နတ်သမီး၊ မှတ်တိုင်၊ ဘူတာရုံ၊ လက်သည်းခွံ၊ နာရီ၊ ဆံနွယ်ဖွဖွလေးများ၊ နှင်းဆီ၊ မာရ်နတ်၊ ဓာတ်ကြိုး၊ တံခါးပေါက်၊ သော့၊ လက်အိတ်၊ အစိမ်းလွန်ရောင်ခြည်၊ ခေါက်ထီးမှိန်မှိန်လေး၊ သောကြာနေ့၊ ဝတ်မှုန်၊ ပါးကွက်လေးနှစ်ဖက်၊ ခရမ်းဖျော့နှုတ်ခမ်း၊ သုည၊ လက်ဖဝါး၊ စံပါယ်ရုံ၊ ပွဲတော်၊ လပြည့်နေ့၊ လမိုက်ည၊ ငါးရာတန်တစ်ရွက်၊ မီးပွိုင့်၊ တံတား၊ ကမ္ဘာ၊ ပျားရည်၊ မုန်တိုင်း၊ ပေတံ၊ လေပြေ၊ အိမ်၊ အဝေးပြေးကားဂိတ်၊ လေယာဉ်ပျံ၊ ရထား၊ ကျမ်းစာ၊ တောင်ကုန်း၊ ဥသြငှက်၊ မိုးတိမ်၊ စိန်လက်စွပ်၊ အမှိုက်ပုံ၊ ကော်ဖီခွက်၊ ရေဒီယို၊ အိပ်မက်များ၊ လရောင်၊ သစ်ရွက်၊ မြေနီလမ်း၊ ပန်းခင်း၊ ပင်လယ်၊ ငွေစက္ကူ၊ ကွန်ပျူတာ၊ ဗလာ၊ လေဟာနယ်၊ ဘဝ၊ ရန်ကုန်၊ ချောက်ကမ်းပါး၊ မီးလျှံများ၊ ကောင်းကင်၊ တယ်လီဖုန်း၊ ညီမလေး၊ နင်၊ မမ၊ အသံ၊ သီချင်း၊ အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်း၊ နံနက်ခင်း၊ ညနေ၊ လမင်း၊ နေရောင်ခြည်၊ နွားနို့၊ နှင်း၊ ငါကိုယ်တိုင်၊ သူတစ်ပါး၊ တယော၊ စောင်းကြိုး၊ တွင်း၊ ဝပ်ကျင်း၊ အကျဉ်းသား၊ စက္ကန့်၊ လက်တံ၊ ချိန်သီး၊ နာရေး၊ စစ်ပွဲ၊ ငြိမ်းချမ်းရေး၊ မြို့ပျက်၊ အတောင်ပံ၊ ကျေးလက်၊ မြို့ပြ၊ မျက်ရည်၊ ဟာသ၊ လူငယ်၊ ဘုရင်မ၊ စစ်တုရင်၊ ကြယ်၊ ကိတ်မုန့်၊ ရေဒါ၊ စက်ကွင်း၊ မျက်လုံး၊ နောင်တ၊ ဆောင်း၊ ငရဲ၊ အဝေး၊ ရာဇဝင်၊ လက္ခဏာ၊ ကမ်းခြေ၊ ရေခဲမုန့်၊ မျက်တောင်၊ အနမ်း၊ မြေနီလမ်း၊ ဝါဒ၊ ကံကြမ္မာ၊ အပုပ်ကောင်၊ မစင်၊ ဆေးပြား၊ ကဗျာ။
ချစ်သည်။ လွမ်းသည်။ ယုံကြည်သည်။ စွန့်လွှတ်သည်။ အထီးကျန်သည်။ ဆုပ်ကိုင်သည်။ ကယ်တင်သည်။ နာကျင်သည်။ ဆုံရှုံးသည်။ ဥပုသ်စောင့်သည်။ ယုတ်မာသည်။ မုန်းသည်။ ခိုနားရာမဲ့သည်။ ပျော်သည်။ ခံစားသည်။ ကြေကွဲသည်။ စောင့်စားသည်။ ညံ့သည်။ တော်သည်။ နောက်ကျသည်။ လွှတ်ချသည်။ ဆုံးဖြတ်သည်။ ဝေခွဲရခက်သည်။ နာကျည်းသည်။ ပြတ်သားသည်။ ဝေဝါးသည်။ ရှုံ့ချသည်။ ဝေဖန်သည်။ ချီးမွမ်းသည်။ ကိုးကွယ်သည်။ ကွဲလွဲသည်။ ထင်ရှားသည်။ ထပ်တူညီသည်။ ပေါက်ကွဲသည်။ ဖောက်ခွဲသည်။ ပြန့်ကျဲသည်။ ညီညာသည်။ အချိတ်အဆက်မိသည်။ အဓိပ္ပါယ်ရှိသည်။ သဘာဝကျသည်။ လက်ခံသည်။ ငြင်းသည်။ ပြန်စီသည်။ စဉ်းစားသည်။ ကုန်သွားသည်။ ဖြည့်သည်။ ပြန်စီသည်။ ဖြန့်ချဲသည်။ ဤအရာသည်။ ကဗျာရေးသည်။
“ ဟမ် … ဘာ … ဘယ်လို … ဘာပြောတယ်”
က ဗျာ ရေးသည်။ ။


ဇာတိ

Saturday, November 20, 2010

လောကကိုသဘောကျလျက် ဇာတိ (ကဗျာရေးသည်)

တည်နေရာ          - မောင်ဇာတိ
အကျယ်အဝန်း     - အသက်နှစ်ဆယ်ကျော်
နယ်နိမိတ်           - ဗလာ
ပါဝင်သည့် ပစ္စည်များ         - မအောင်မြင်သော ဒုက္ခများ
                                      စိတ္တဇနာမ်
                                      အပုပ်နံ့
                                      အပေါစား ချဉ်ဆီများ
                                      လူငယ်စိတ်
                                      ဆဲရေး တိုင်းထွာချက်များ
                                      အဝတ်အစား လေးငါးထည်
                                      လုံအောင်ဖုံးထားတဲ့ ရမ္မက်များ
                                      ပါဝင်သည့် ပစ္စည်းများ
ထင်ရှားသည့် အမှတ်အသား            - လက်ခလယ်
ထုတ်ဝေသည့် နေ့စွဲ           - ၂၄.၇.၁၉၈၆
အရည်အချင်း       - ကဗျာရေးသည်
မာတိကာ            - အသက် ဝ မှ ၅ အထိ
                          ကလေး
                          အသက် ၅ မှ ၁ဝ အထိ
                          ကလေး
                          အသက် ၁ဝ မှ ၂၄ အထိ
                          နှာဘူး
အလုပ်အကိုင်       - ပြည်သူ
                          ပရိသတ်
                          သား
                          အစ်ကို
                          မောင်
                          ရန်သူ
                          ချစ်သူ
                          ဆရာ
အသုံးပြုပုံ           - မျက်စိမှိတ်ထားပါ ၊၊
                          အရောမဝင်ပါနှင့် ၊၊
စီစဉ်သူ               - ဘုရားသခင်
ထုတ်ဝေသူ          - အဖေနဲ့အမေ
သတိပြုရန်          - အသက်(၁၈)နှစ်မပြည့်သေးသူများ
                          မဆဲရ ၊၊
အသုံးဝင်ပုံ          - စနစ်တကျလွှင့်ပစ်ပါ ၊၊
အကြောင်းအရာ    - ကဗျာ

ဇာတိ (ကဗျာရေးသည်)

Friday, November 19, 2010

ကင်ဆာ

           သေသွားဖို့ လေးလလောက်တောင် ကြာလား ၊၊ အခု အသက်ရှုရတာ ပျော်ဖို့ မကောင်းတော့ဘူး ၊၊ သူတို့ ပြောလို့သာ ငါ့ခန္ဓာကိုယ်ထဲ သွေးတွေ ရှိနေမှန်း သိရတာ ၊၊ ငါမယုံဘူး ၊၊ ဘာလို့ငါဟာ နောက်ထပ် သွေးတွေ သွေးတွေ လိုအပ် နေ ၊၊ ရုပ်ရှင်တွေထဲကလိုတော့ ငါဟာ သွေးစုပ်ဖုတ်ကောင်မို့လို့လား မေးဖို့ ဆန္ဒမရှိဘူး၊၊ ဝတ္ထုတွေထဲကလို ဆိုပြီး မသုံးခဲ့တာ ငါဟာ ဝတ္ထုဖတ်ဖို့ ဆန္ဒမရှိခဲ့လို့ ၊၊ ရှိနေတဲ့ ဆန္ဒကတော့ ငါ မိန်းကလေးတစ်ယောက်ရဲ့ မျက်တောင်မွှေးလေးတွေကို သတိလက်လွတ် ငေးကြည့်ချင်တာပါပဲ ၊၊ သတိလက်လွတ် ဆိုတာ အချိန်ဘယ်လောက် ကြာမှာလဲ ငါလဲ မသိဘူး အေမီသန့် ၊၊ အဲ့ဒီအခိုက်အတန့်လေး အတွက် ငါ့ဘဝ ရဲ့ တစ်ခုတည်းသော ဆန္ဒက တန်လား ဆိုတော့ အဲ့ဒါကိုလဲ ငါမသိပါဘူး ၊၊ သူ့နာမည်ကို ငါ ရေရွတ်တဲ့အခါ ငါ့အသံတွေ ဘာလို့ တိမ်ဝင်သွားသလဲ ငါ မသိသလိုပေါ့ ၊၊ စိတ်ပျက်ပါတယ် ၊၊ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့အခါ ခေါင်းကုတ်ဖို့တောင် ငါ့မှာ ဆံပင်တွေ ရှိသေးလား ၊၊ ငါ့မှာ လက်တွေ ရှိသေးလား ၊၊ စီးကရက် တစ်လိပ်လောက် ဖွာရှိုက်လိုက်ဖို့ ငါ့မှာ နှုတ်ခမ်းတွေ ရှိသေးလား ၊၊ သေချာတာက ငါ့မှာ အသံတွေ မရှိတော့ဘူး ထင်တာပါပဲ ၊၊ နင့်ကို သတိရတဲ့အခါ နဲ့ သူ့ကို တွေ့ချင်တဲ့အခါ ၊၊ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သွားတဲ့ ဖြတ်သွားတဲ့ သီချင်းတိုင်းမှာ ရေဒီယိုလေးတစ်လုံးကို တွေ့တယ် ၊၊ သနပ်ခါး လူးထားတဲ့ နှင်းဆီပန်း လေးတွေ ၊၊ လမ်းမီးတိုင်တွေမှာ အလင်းရောင်မတွေ့လို့ သေသွားတဲ့ ပိုးဖလံတွေ ၊၊ သူတောင်းစားငယ်လေး တစ်ယောက်ရဲ့ ဟမ်ဘာဂါ အိပ်မက် ၊၊ ဆေးပေါ့လိပ်မီးခိုးငွေ့တွေရဲ့ အနှေးပြကွက်ဟာ အရမ်း အနုပညာဆန်တယ်၊၊ သူတို့ဟာ ဘာကိုမှ ဆိုးရွားစွာ မထိခိုက်နေသလိုပေါ့ ၊၊ အနုပညာဆိုတာ ဘာမို့လို့လဲ ဆိုတဲ့ မေးခွန်း နင်ရောသူရော ဘာလို့ မေးကြတာလဲ ငါနားမလည်ဘူး ၊၊ နင်တို့ အနုပညာကို နားမလည်သလိုမျိုး နားမလည်ဘူး ၊၊ ဒါပေမယ့် ငါ့နားထဲ ရောက်လာတဲ့အသံတိုင်းကိုတော့ ငါချစ်တယ် ၊၊ နားထောင်ကြည့် ၊၊ အဲ့ဒီ ပန်းခြံလေးဟာ လူစည်ကားနေသေးလား ၊၊ အဲ့ဒီ ရေတံခွန်လေးဟာ စီးဆင်းနေသေးလား ၊၊ အဲ့ဒီ င်္သချိုင်းကုန်းလေး ဟာ ရှုပ်ထွေးတိတ်ဆိတ်နေသေးလား ၊၊ အဲ့ဒီ ဘတ်(စ်)ကားလေးဟာ လူပြည့်နေသေးလား ၊၊ အဲ့ဒီ ရုပ်ရှင်ရုံလေးဟာ ရယ်ကြမောကြ ဖြစ်နေသေးလား ၊၊ အဲ့ဒီ ကားမှတ်တိုင်လေးဟာ ၊၊ လာမယ့် လေးလ အတွင်း ငါသူ့ကို ကားမှတ်တိုင်လေးမှာ ပြန်တွေ့ရင်ကောင်းမယ်နော် ၊၊ အင်းကောင်းမယ်ထင်တယ် ၊၊ နောက်ကြောင်းပြန်တဲ့ အဖြူအမည်းဇာတ်ဝင်ခန်းတွေ တစ်မိနစ်စာတောင် မရှိဘူး ၊၊ ငါ့မျက်လုံးတွေ ပြာလာတယ်၊၊ နီလာတယ် ၊၊ စိမ်းလာတယ် ၊၊ ခုနက သီချင်း ၊၊ ခုနက ရေဒီယို ၊၊ ခုနက သနပ်ခါး ၊၊ ခုနက နှင်းဆီပန်း ၊၊ ခုနက လမ်းမီးတိုင် ၊၊ ခုနက အလင်းရောင် ၊၊ ခုနက ပိုးဖလံ ၊၊ ခုနက သူတောင်းစားငယ် ၊၊ ခုနက ဟမ်ဘာဂါ ၊၊ ခုနက အိပ်မက် ၊၊ ငါ့မှာ အသံတွေ တောင် မရှိတော့ ဘူး ၊၊ ဒါပေမယ့် နင် အသံတွေကို ချစ်ပါ အေမီသန့် ၊၊ ငါ့မျက်လုံးတွေထဲမှာ ….
………..လေး……………
…………လ……………..
………….ခန့်…………….
………….ကြာ……………
………..သော်……………၊၊   ၊၊

ဇာတိ

ညွှန်း - Kill Paradise - Katie and I

Friday, November 12, 2010

အနုပညာ အစာအိမ်

            ကြွေသွားတယ် ကို စ ရတယ်၊၊ သိမှုမှာ ဆေးလိပ်ပြာ ၊ ကြယ်၊၊ ခဏ စဉ်းစား၊၊ ဟိုလူကြီး စာသားတစ်ခု ကို ထည့်ရေးရင် ကဗျာလန်းသွားမလား၊၊ ကြွေသွားတာ ကြာပြီ ဖြစ်ပေမယ့် မေ့မရနိုင်သေးတဲ့ ကဗျာလောကရဲ့ ဆေးလိပ်ပြာကြီး ဟိုလေ.. ဘယ်သူ?၊၊ တရားရေ! ဒီလူကြီးကို ထိခိုက်မိရင် အဆဲခံရမလား၊၊ အဆဲခံရတာ အဆန်းမှ မဟုတ်တာ၊၊ သီချင်းဖွင့်ထားရင်တောင် အဆဲခံနေရတဲ့ခေတ်ပဲ၊၊ ဟုတ်တာပေါ့၊၊ မိုးမွှန်အောင်ဆဲတာနဲ့ လိင်ဆက်ဆံတဲ့အကြောင်း ဆိုထားတဲ့ သီချင်းတွေ ကမ္ဘာကျော်နေတဲ့ခေတ်ပဲ၊၊ ပျင်းလိုက်တာ အကြောင်းအရာလဲ မရှိဘူး၊၊ ဗိုက်ဆာသွားတယ်၊၊ စားစရာ ကြက်ဥအစိမ်းတစ်လုံးပဲတွေ့၊၊ အာဟာရတော့ ဖြစ်မယ်ထင်တယ်၊၊ ဒါနဲ့ စကားမစပ် ငတ်နေတဲ့သူတွေ အကြောင်း ရေးရင်ကောင်းမလား၊၊ ခဏစဉ်းစား၊၊ မရ၊၊ ဘယ်လိုမှ ကိုယ်ချင်းစာပေးလို့ မရ၊၊ ကိုယ်တိုင်ကလဲ အကြာကြီးမငတ်ဖူး၊၊ ကြည့်ကျက်ဖောပြီး ရေးလိက်ရင် ကောင်းမလား၊၊ စဉ်းစား၊၊ မရ၊၊ စိတ်မပါ၊၊ ကြွေသွားတယ် ပြန်ရောက်လာတယ်၊၊ ဘာလဲဟ!၊၊ သိမှုမှာ ကွက်ရှင်မက်ခ်၊၊ အချစ်ကဗျာရေးစေချင်တာလား၊၊ ဘယ့်နှယ့်၊၊ ခဏစဉ်းစား၊၊  သူမကို မြင်မြင်ချင်း ကြွေသွားတဲ့…၊၊ မကြိုက်၊၊ ပြန်စဉ်းစား၊၊ သူမရဲ့ ကြွေသွားတဲ့ မျက်တောင်မွှေး၊၊ ဟာ !!! (အသံရှည်ဆွဲ) ၊၊ အမွှေးတွေ၊၊ အမွှေးမဲည်းမဲည်းတွေ၊၊ ဆံပင်ညှပ်ဆိုင်၊၊ နေမြဲ ကြည့်ကြည့်နေတဲ့ ဂျပန်ရုပ်ရှင်တွေ၊၊ စေတန်လ်ကြီးနိမိတ်ပြတဲ့ ချိုင်းမဲမဲတွေ၊၊ ဖီးလ်ငုတ်သွားတယ်၊၊ ဒါတွေထည့်ရေးလိုက်ရင် အချစ်ကဗျာစစ်စစ်ရဲ့အဖွင့်ဖြစ်ပါ့မလား၊၊ ဇဝေဇဝါဖြစ်၊၊ စဉ်းစား ၊၊ ဒိုင်လျှိုလေး ရှော်လိုက်၊၊ အစကပြန်တွေး၊၊ အိပ်ချင်လာပြီ၊၊ ဆက်မရေးရင် နေမြဲ နဲ့ ရင်ခွင်ရှိန်းကဆဲမှာ၊၊ စဉ်းစားစမ်း၊၊ ငါကဗျာရေးတော့ကော ယနေ့ ကဗျာလောက က ဘာဖြစ်မှာမို့လဲ၊၊ မဟုတ်သေးပါဘူး၊၊ ကဗျာဘဘဆရာကြီးတွေ ပြောခဲ့ကြတာမှာ

ကဗျာဟာ ( ပကျိပကျိ ကျလွိကျလွိ )၊၊

ကဗျာကို ( ကွိကွိကွကွကွက်ကွက် )၊၊

ကဗျာဆိုတာ (တွီတွီတွမ်တွမ်)၊၊

ဟုတ်တယ်၊၊ ကဗျာကို စောင့်ရှောက်ရမယ်၊၊ သန့်ရှင်းမွန်မြတ်ကြည်လင်နေရမယ်ကဗျာဆိုတာ၊၊ ဗိုက်ဆာလာ ပြန်ပြီ၊၊ ကျစ်!၊၊ ထပ်ရှော်လိုက်တယ်၊၊ စားစရာမရှိငတ်ပြတ်ဆင်းရဲနေတဲ့ကြားက ရေးခဲ့ကြတဲ့ကဗျာတွေရှိတယ်၊၊ ကဗျာရေးရမယ်၊၊ ကဗျာရေးရင်း ချမ်းသာလာရင် အိုင်ဖုန်း မကိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်၊၊ အိုင်ဖုန်းကြော်ငြာတစ်ခုမှာ … ၊၊ ပြောရင်းစိတ်တိုလာတယ်၊၊ ဗိုက်ကအော်နေတဲ့ ဂြီဂြီဂြမ္ဂြမ္အသံကို မကြားချင်လို့ နားပိတ်ထားလိုက်တယ်၊၊  ကဗျာရေးလို့ ချမ်းသာလာရင် Mae ရဲ့ ရှိုးပွဲသွားကြည့်မယ်၊၊  အီမိုလို ဝတ်ပြီးဆင်ပြီး Paramore ပွဲလဲသွားမယ်၊၊ ခုန်ပေါက်မြူးကြွ၊၊ အာ! ငါဘာလို့ မြန်မာပြည်က ကဗျာစာအုပ်တွေ ဝယ်ဖတ်မယ်လို့ မတွေးရတာလဲ၊၊ ဟုတ်တယ်၊၊ ကဗျာရေးရမယ်၊၊ မနက်စောစော ပဲပလာတာ နှစ်ပွဲဆက်တိုက်စားပြီးရင် ကဗျာတွေကို ငါ ဆက် ရေး ရ. . . . မယ် ၊၊ ခေါ ခေါ ခေါ ခေါ ခေါ ခေါ ၊၊ Zzzz Zzzz Zzzzz Zzzzz zzzzZ zzzzZ၊၊

 

 

-ဇာတိ-