Saturday, February 26, 2011

မင်းဟာ ဘယ်တော့မှ ဖလောရင့်နိုက်တင်ဂေးဖြစ်လာမှာ မဟုတ်ဘူး နိုရာ

ဆေးလိပ်သောက်နေပြန်ပြီလား နိုရာ ။

မင်း လှေကားသုံးထစ်ဆင်းသွားပြန်ပြီပေါ့ ။ ကဗျာဖတ်ချင်ယောင်ဆောင်မနေပါနဲ့ နိုရာ…။

မင်းစိတ်ကျရောဂါပြန်ဖြစ်နေတာ ငါသိတယ်။

ရေသန့်ဗူးအသစ်တွေ ဖေါက်သောက်ရမှာ မင်း သိပ်ကြောက်တာကိုလည်း ငါသိတယ် ။

ကမ္ဘာက မင်းထင်သလို ရောက်နေတဲ့နေရာမှာ ရပ်တန့်နေပါတယ် နိုရာ ။

မျိုးတုန်းစပြုလာတဲ့ သတ္တ၀ါတွေထဲမှာ လူသားမျိုးနွယ်က အကြမ်းဖက်မှုတွေနဲ့ ပျော်ရွင်နေရှာတယ် ။ မင်းဟာ မျိုးစိပ်ခြားနေတဲ့ တခြားသတ္တ၀ါပါ နိုရာ ။

ငါတို့ ဆွဲဖြဲလိုက်တဲ့ ရုပ်ရှင်ရုံအသစ်ကြီးမှာ သိပ္ပံကားသစ်တင်တယ် ။ ငါတို့သွားတဲ့လမ်းမှာ လူတွေပျော်နေကြတယ် ။

ဒါမဖြစ်သင့်ဘူးနိုရာ..။ မင်းရဲ့ကိုယ်ထဲမှာ ထရော်မာ တွေ အရမ်းများနေတယ် ဒါဟာ ခေတ်ကို ကိုယ်စားပြုတဲ့

ဆေးဝါးလက်နက်တွေ ဖေါင်းပွ ခြင်းပဲ နိုရာ ။

လူတော်တော်များများ ဟာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မေ့နေကြတယ် ။

လူတော်တော်များများဟာ နွားရူးရောဂါကို မေ့နေကြတယ် ။

လူတော်တော်များများဟာ မိဘမဲ့ဂေဟာ နဲ့ ဘိုးဘွားရိပ်သာကို မေ့နေကြတယ် ။

အမှန်တရားဟာ HIV ဖြစ်နေတဲ့ အညံ့စား မိန်းမပျက်တယောက်ပဲ နိုရာ ။ အဲ့အတွက်နဲ့ အမေရိကန် နဲ့ မြောက်ကိုရီးယားတို့ စစ်ဖြစ်ကြတော့မယ် ။ လူသားဆန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်နေဦးမှာပါ ။

တကယ်တော့ ဘဂ္ဂဒက်မြို့ နဲ့ ပဲရစ်မြို့ ခြားနားချက်က နည်းနည်း လေး ပါ နိုရာ….။

ဒီခေတ်အခါကြီးမှာ မင်းဟာ ရင်သားပြုပြင်ဖို့လိုအပ်နေတဲ့ မိန်းမတယောက် ဖြစ်နေဆဲပဲ မီဒီယာဟာ ခေတ်သစ်လူသတ်လက်နက်ဖြစ်နေဆဲပဲ။

နည်းပညာတိုးတက်မှုတွေဟာ ကျေးလက်ဒေသတွေရဲ့လူငယ်တွေကို ဂျင်းဘောင်းဘီနဲ့စကတ်တို ၀တ်ဆင်စေခဲ့တယ် ။

သနပ်ခါးသိပ်မလိမ်းပါနဲ့ နိုရာ ။ ဒါဟာမြန်မာမိန်းကလေး တယောက် ပီသကြောင်းပြဖို့

တခုတည်းသော ယဉ်ကျေးမှုမဟုတ်ဘူး ထိုင်မသိမ်းဝတ်ပြီး စစ်ထွက်တိုက်ကြည့်ပါ နိုရာ နာမည်မပေးရသေးတဲ့ကလေးတယောက်ဟာ လူရာမ၀င်ကြောင်း အလိုလိုသိလာပါလိမ့်မယ် ။

ငွေသားကိုင်ဆောင်သူတွေရဲ့လက်မှတ်နဲ့မင်းရဲ့မျက်ရည်ဟာ ငါ့ကို အနှောက်အယှက်ဖြစ်စေတယ်

အခိုက်အတန့်ပါပဲ ။ ငါကလည်း ဖြစ်နေတယ် ။ တော်တော်သည်းနေတယ် နိုရာ ။ ငယ်ငယ်ကတည်းက လိပ်ပြာသေတွေမြင်ရင် ငိုနေတက်တဲ့ ကောင်လေ ။

လူ့အဖွဲ့အစည်းအသစ်မှာ Nokai နဲ့ Laptop က နာမည်ကြီးတယ် ။

အပေါစား အနုပညာရှင်တွေ နာမည်ကြီးတယ် ။ Facebook နဲ့ G-talk တွေ လူသုံးများတယ် နိုရာ ။

မင်းဟာ လူ့အရင်းအမြစ်ဖြစ်နေပြီ ။ God ဟာ Dead သွားပြီ ။ကိုယ့်ကိုကိုယ် အားကိုးပါ ။

ကမ္ဘာ နဲ့ ရွာဟာ လျှောက်သွားလို့ ရတာခြင်း တူတယ် ။ ဆိုကရေးတီး နဲ့ နယူတန် မသိတာတွေလည်း အများကြီးပဲ ။

မသိကိန်းများတဲ့ မင်းဟာ လွှင့်ပစ်ခဲ့သမျှကို ပြန်ကောက်နေတဲ့ မိန်းမဆိုးပဲ နိုရာ ။ မင်းဟာ မီးကို ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ လူတယောက်ပါ ။ ဗန်ဂိုးဟာ မင်းကို သူ့နားရွက်ဖြတ်ပေးခဲ့တယ်လေ ။ ဘာမှအားမငယ်ပါနဲ့ နိုရာ မင်း ၁၈ ပြည့်ရင် ကိုယ်တိုင် ကားမောင်းလို့ရမှာပါ ။ အရှေ့တောင်အာရှမှာ အနောက်တိုင်းယဉ်ကျေးမှုတွေ နဲ့ မင်းနေသားကျသွားမှာပါ ။

ဆေးလိပ်သောက်မဲ့အစား အရက်သောက်လိုက်ပါနိုရာ ။ ဒါမှ မင်းဟာ အချစ်ဝတ္တုတွေ ကောင်းကောင်းဖတ်လို့ ရမှာပေါ့ ။

ဆရာဝန်တိုက်မဲ့ စိတ်ငြိမ်ဆေးကို မင်းမုန်းတီးနေတာလား ။ သစ်တောပြုန်းတီးမှုတွေ နဲ့ ဝေလငါးပြုန်းတီးရေးကိစ္စတွေဟာ

မင်း တယောက်ထဲ ကျင်းပရမဲ့ နှစ်ပတ်လည်အစည်းအဝေးတွေရဲ့ အကြောင်းအရင်းတွေပဲ နိုရာ ။

ခပ်လန်းလန်း ကောင်လေးတယောက် မင်းကို ချဉ်းကပ်လာလိမ့်မယ် ။ အဲ့အခါကျရင် မင်းဟာ စိတ်ကျရောဂါခံစားနေရတဲ့မိန်းကလေးတယောက်မဟုတ်ကြောင်း သူ့ကို လိမ်လိုက်ပါ ။ ပြီးရင် မင်းသောက်ရမဲ့ဆေးတွေ သူ့ကို သောက်ခိုင်းပါ ။ ပြီးရင် အကြောင်းပြချက်ကောင်းကောင်းတခုနဲ့ နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ပေါ့ နိုရာ…..။

အေးချမ်း (f e p b )

No comments: