Sunday, October 24, 2010
ပြောမလား ၊ ပြေးမလား
ဒီနေ့ - ဟာ
ကဗျာရှည်ကြီးတစ်ပုဒ် ရေးဖို့ စီမံကိန်းနဲ့ 
အခန်းတစ်ခါးကို ဆွဲပြီးတောင်ပိတ်လိုက်တယ်
ပတ်တိတ်လို့ ပိန်း ပိတ်လို့  ပိန်းလို့ 
ပတ်မနိုင် တိတ်မနိုင် ငါ့ အာရုံဝိသေသတွေ
လွန်ခဲ့တဲ့ကိုးလလွယ်ဆယ်လဖွား ကတည်းက
လက်နက်ခဲယမ်းမဲ့ ဖြစ်ခဲ့ရတာ
လက်တွေရော ခြေတွေနဲ့ ပါ လမ်းပေါ်လူးရင်းလှိမ့်ရင်းက
ပြောင်းလဲပစ်လို့ မရတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ 
လေပေါ်တိုက်တွေ ဆောက်လုပ်နေခဲ့တယ်
ငါတို့ အိမ်တွေ လေပေါ်မျောလွင့်
လေလေချင်းရိုက်သံတွေ ပွက်လောညံလို့ 
လေပူဖောင်း အိမ်ကလေးတွေပေါ့
လွတ်လပ်မှုကိုတမ်းတ လွတ်တစ်မျိုးလပ်တစ်ဖုံ
ငါ့ကိုယ်ငါ အကောင်းဆုံးတွေပဲ ပေးချင်ခဲ့တာ
ငါက ဘယ်သူ ဘယ်ဝါ ဘယ်ဟာ
ငါ့ပွိုင့်မှာနီတဲ့မီးဆိုမှတော့ မိနီပေါ့
သူက အော် (or) လား .... မသေချာဘူး
အရောင်တွေရဲ့ စီမံကိန်းကြီးတစ်ခုထဲက
မုန်တိုင်းအဆင့် သတ်မှတ်ချက်တစ်ခု
လိမ္မော် အညို အနီ အဖြူ အနက် အရောင်ပဲ
ငါတကယ် စိတ်မကောင်းဖြစ်ခဲ့ရတာပါ
မင်းဖျားနာနေတယ် လို့  ကြားကြားချင်းပေါ့
ငါ့ကို စိတ်ကောင်းစေတာတစ်ခုက
ငါမပါပဲ မင်းတစ်ယောက်တည်းသွားတော့မှာ
ကောင်းပါတယ် အမျှ အမျှ အမျှ
ငါပေးဝေပါတယ် .....
မင်းနဲ့ ပက်သက်သမျှ အစုတ်အပြတ်တွေအကုန်လုံးပေါ့
လုပ်လက်စလေးတွေလည်း ရှိနေသေးတယ်
စကားဖို စကားမတွေ ထိုးမနေတော့ဘူး
အာဖာ ဘီတာ ဂါမ်မာ အစဉ်တကျစီ
ငါဖောက်ခွဲပစ်လိုက်ရမလားပဲ ပြော
စကားမြုပ်ဗုံးတွေ တက်မနင်းခင်ထိ
ဒါ အသံအိုးကတဆင့် လည်ချောင်းရဲ့ ထွက်သံ
အိုးအနက် ထွက်လာတဲ့ စကားသံ စကားတူ
ဖြတ်ထုတ်မှုအဆုံး အာလိုက်တဲ့စကားဒွိတွေ
အက်ထလာတဲ့ စကားလုံးတွေရဲ့ ဒွိသံ ဟသံ
နောက်ဆုံး လေပူဖောင်း နှစ်ဆယ့်ကိုး လုံး
ဟာလာဟင်းလင်းထဲ တင်ခြင်းခံလိုက်ရတဲ့ မေးခွန်းတွေ
အစာမကြေဘူး အစာမကြေဘူးပဲ အော်နေတယ်
ရော့ ဒီမှာ ဒိုင်ဂျက်စ်ဖြစ်စေဖို့  ဒိုင်ယာလော့ခ်တွေ
သရုပ်ပြ သူတွေလည်း ရှိနေမယ်
ဆာလောင်မွတ်သိပ်နေတဲ့ ဗိုက်တွေထဲ
ခင်ဗျား လက်တစ်ဖက်ဖြစ်ဖြစ် ထိုးထည့်လိုက်စမ်း
ဘ၀ ဘ၀ သီချင်းသံတွေ ကြားရလိမ့်မယ်
အဲ့ဒီ သတ်မှတ်စံလွဲ
ဘ၀ဆိုတာ ခွေ့ ပွဲ
အားလုံးခွေ့ ကြ နွားရိုင်းသတ်ပွဲတွေလို ခွေ့ ကြ
နိုင်တာ မနိုင်တာ အပ ထားပြီး ခွေ့ ကြ
ခွေ့ တာကို ခွေ့ တာမှန်းသိသွားအောင် ခွေ့ ကြ
အမှန်က / လောလောဆယ်
ဒီခေါင်းထဲဖြစ်နေတဲ့ စစ်ကြီးရပ်ဖို့ 
သူမရဲ့ပန်းနုရောင် နှုတ်ခမ်းသားဖူးဖူး
နေရာတကျ ပြည့်တင်းပြီးသား ခန္ဓာကိုယ်
သူမရဲ့ စိတ်ကျေနပ်မှု ပေးနိုင်တဲ့ ဆက်ဆံမှု
ဘာတစ်ခုမှမလိုဘူး ဟုတ်တယ် / မဟုတ်လား
အချိန်ကန့် သတ်မှုတစ်ခု လိုပါပဲ အမြဲလှုပ်ရွနေမယ်
နာရီလက်တံတွေထဲမှာ အဲ့ဒီဘ၀က ရွကလိစိန်နေတာ
ဒီအတံကလေးတွေကို မယုံကြည်တော့ဘူးလို့ ပြောတယ်
စက္ကန့် ခြောက်ဆယ်ပြည့်တဲ့အခါ သတ်မှတ်ချက်တစ်ခုရတယ်
တစ်မိနစ် (သို့ ) မိနှစ်ဝက် နှစ်ကြိမ်
(သို့ ) ဟုတ် ........... ဆယ့်ငါးစက္ကန့် လေးကြိမ်
(သို့ ) လော (သို့ ) လော
ငါ့မှာ ပြောစရာတွေက မကုန်ခမ်းနိုင်သေးဘူး
နာရီလက်တံတွေ ငါ့ကို လာလာချောင်းနေကြတယ်
သူတို့ ချောင်းမြောင်းလုပ်ကြံဖို့ အချိန်မရအောင်လို့ 
ငါမြစ်တွေဆီထွက်သွား (အဲ) မဟုတ်ဘူး
အားလုံးကိုငါကျော ခိုင်းလိုက်တယ်
မျက်နှာမူ လျက်သားကြီးနဲ့ .................။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment