Saturday, October 9, 2010

ဒီ နေ ရာ မှာ ငြိမ် နေ ရင် အ ငြိမ်း


အဲ့ဒီ့နေရာကို ရောက်ဖို့
သစ်ရွက်တွေရဲ့ အကူအညီယူထားရတာ …
" မ လှုပ် နဲ့ နော် "
(ဓားပြတိုက်နေတာတော့ မဟုတ်ဘူးပေါ့)
ဒီ နေ ရာ မှာ ငြိမ် နေ မှ ငြိမ်း မှာ
ငြိမ်နေတယ်ဆိုတာက အလေးအနက် ပေးပြုတာလဲ ဟုတ်တယ်
"စက်တင်ဘာလ တစ်လမှာ ခွေးကိုက်လို့ သေသွားတဲ့ သူငယ်ချင်းတစ်ယောက်အတွက် "
"အမေ့အတွက် ပြန်မလာနိုင်သေးတဲ့ သားတစ်ယောက်အတွက် "
ငြိမ်ပေးစမ်းပါ - (၂မိနစ်လောက်ဖြစ်ဖြစ်)
ဒီ နေ ရာ မှာ ငြိမ် နေ ရင် အ ငြိမ်း ပဲ
ကျုပ်စိတ်ကို ဖမ်းဖို့ ကြိုးစားရင်တော့ ခင်ဗျားမှားတာပေါ့
ကျုပ်က စိတ်တုံးလုံးကြီးနဲ့ ငြိမ့်ငြိမ့်လေးတွေးနေတာ
ဒီ နေ ရာ မှာ ငြိမ် နေ တာ နဲ့ ငြိမ်း တာ ကိုး
ငြိမ်ငြိမ်လေး ငြိမ်း(ငြိမ့်)နေစမ်းပါ
ဒေါသမီး ၊ မောဟမီး ၊ ရန်သူမျိုးငါးပါးထဲက မီး ၊ တဏှာမီး ၊
တို့မီး (အတို့အထောင်မီး) ၊ ရှို့မီး ၊ ပွဲပြီးတာတောင် မသေတဲ့ မီး ၊
အာမခံထားတဲ့ မီး ၊ မီးမီးချင်းလောင်တဲ့ မီး ၊
ငြိမ်းပစ်လိုက်ပါဗျာ
ဒီ နေ ရာ က ငြိမ် ရင် ငြိမ်း ပြီ
ကျုပ်တောင် ငြိမ်နေတာပဲဗျာ
ဓူဝံကြယ်ကြီး မကြွေသေးပေမယ့်
ကျုပ်လဲ မြောက်အရပ်ကို မြောက်အရပ်မှန်း သိပါတယ်ဗျာ
ဒီ နေ ရာ မှာ ငြိမ် ငြိမ် နေ လိုက် မှ ငြိမ်း နေ မှာ
စကားများတဲ့ ပုရွက်ဆိတ်တွေတော့ တွင်းရွှေ့သွားပြီ ဟုတ်လား?
ဘယ်သူက တွင်းတိမ်တိမ်လေးနဲ့ တင်းတိမ်နေမှာလဲ
အနံ့ရတာနဲ့ အနက်ကြီးတူးမယ့် အစားတွေချည်း
ဒီ နေ ရာ မှာ ငြိမ် နေ ရင် အ ငြိမ်း
" စား နေ တုန်း ပဲ လား ဗျာ "
ဒီ မှာ ခင် ဗျား ငြိမ် ပေး ရင် ကျုပ် အ ငြိမ်း ဗျာ
ခင်ဗျားလဲ ရောက်ပြီးပြီ မဟုတ်လား
ဖန်ထားတဲ့ အကွက်နဲ့ ဖန်ခွက်တွေဆီကိုလေ
ဒါပေမယ့် …. ခင်ဗျားက စကားများတယ်
သွေးက စကားပြောရမယ့် ကိစ္စမဟုတ်ဘူးဗျ
သွေးက အလုပ်လုပ်ရမယ့် ကိစ္စ
ဓားပြတိုက်နေတာတော့ မဟုတ်ဘူး .. ဒါပေမယ့်
" မ လှုပ် နဲ့ နော် "
အဲ့ဒီ့ နေရာကို ရောက်ဖို့
သစ်ရွက်တွေရဲ့ အကူအညီတွေ ယူထားရတာ
" "ဒီ နေ ရာ မှာ ငြိမ် နေ ရင် အ ငြိမ်း " " ၊၊            ၊၊

[ ဇာတိ ]

No comments: