Friday, October 15, 2010

အစိမ်းနာ

ဤ ကဗျာတွင် ဝင်ပေါက် (၂)ပေါက် ရှိပါသည် ၊၊
သင်သည် စိတ်တို လွယ်တတ်၍ စိတ်ကို စိတ်အတိုင်း
ဆုံးဖြတ်တတ်သူ ဖြစ်ပါက ဝင်ပေါက်(၁) မှ
ဝင်ရောက်၍ ဖတ်ရှုပါ ၊၊   ၊၊

ဝင်ပေါက် (၁)

                        ‘လှိုက်လှဲစွာ လွမ်း ဆွတ် ပါ ၏’

ပြန်လည် ရင့်မှည့်ပြီး
ပြန်လည် ကြွေကျသွားမှာပဲ ဆိုတဲ့ အသိက
အစိမ်းလိုက် ကို နာ…ပြီ
ငါတို့ဟာ သစ်သီးတွေ
ပြန်လည် အသစ်မသီးချင်တော့သော
ဒဏ်ရာရ သစ်သီးတွေ ……၊၊

ငရဲ ဟာလဲ အမှိုက်ပဲ
နတ်သမီး ဟာလဲ အမှိုက်ပဲ
ရွှေဖြစ်ချင်တဲ့ အိပ်မက်တွေ ကိုင်စွဲ(ဆွဲ)
ကိုယ်တိုင်ကလဲ အမှိုက်ပါပဲ ၊၊

မှော်နှုတ်ခမ်း တပ်ထားတဲ့
အသံတိတ် အရုပ်မ
ငါ့ကို အသက်ငင် ပုံပြင်တွေ ပြောပါ …၊၊

ငါ့ အရိပ်က (အရင်) အဆိပ်မိခဲ့ပုံ
ငိုတာတောင်
မီးတွေပဲ ထွက်ကျလာခဲ့ .. ၊၊

မျက်မမြင် တစ်ယောက် အတွက်
သီချင်းကိုမှ
ငရဲက လွှတ်လိုက်ပါတယ် တဲ့
နာ..ကျင်..ရယ်..မော..မိ ၊၊

( အဲ့ဒီ သက်တန့်တစ္ဆေမ
ငါ့ ရှေ့က ထွက်သွားစမ်း ! )
ငါ့ ပဲ့တင်သံတွေဟာတောင်
ငါမပြောတဲ့ စကားတွေကိုပဲ ပြောတယ်
‘ငါ’       ‘ငါ’      ‘ငါ’       ‘ငါ’
‘လွမ်း’  ‘လွမ်း’   ‘လွမ်း’   ‘လွမ်း’
‘လိုက်’  ‘လိုက်’  ‘လိုက်’  ‘လိုက်’
‘တာ’     ‘တာ’     ‘တာ’   ‘တာ’  ၊၊

‘ပန်းပွင့်နဲ့ ထွန်းထားတဲ့ မီး’
အချစ်ဆိုတာ
အဆိပ် နဲ့ ဖြေဆေးကို
တစ်ဘဝတည်းဖြစ်သွားအောင်
ရော စပ် ကြ ရ တာ …
ဧဒင်မှ သစ်ပင် တို့ အသက်ရှည်ပါစေ ၊၊

ငါ ငို တယ်
မီး ကို မီး နဲ့ ငြိမ်း သတ် ဖို့
ငါ ငို နေ ခဲ့ တယ် ၊၊  ၊၊

            ကျွန်တော်ကတော့ ကဗျာဆရာရဲ့ အသံတွေလို့ ထင်မိပါတယ် ၊၊ အခြားသူ တစ်ဦးရဲ့ အသံ (သို့မဟုတ်) စကား ၊ ဆောင်ပုဒ် ၊ စကားလုံးသက်သက် တို့ အနက် တစ်ခုခုများလား ဟူ၍ မိမိဘာသာ မေးခွန်း ထုတ်မိသည် ၊၊ ကျွန်တော် ကဗျာဆရာ ကို မတွေ့မိ ၊၊ ကဗျာဆရာ က ပုဂ္ဂလိက အက ကို က နေသလား ၊၊ မည်သူနှင့် သက်ဆိုင် သည်လဲ ၊၊ ကျေနပ်သူများ နှင့် မကျေနပ်သူများ အားလုံး ဝင်ပေါက် (၂)ကို ဆက်လက် ဝင်ရောက်ခွင့် နှင့် ဆက်လက် မဝင်ရောက်ချင်သောခွင့် ရှိပါသည် ၊၊ စိတ်ကျေနပ်မှု နှင့် မကျေနပ်မှု မည်သည့်အရာကိုမှ အာမ မခံပါ၊

ဝင်ပေါက် (၂)

            သူမ ပါးစပ် ဟလိုက်တော့ ...
မျက်လှည့်ဆရာ ၏ ဦးထုပ်အတွင်းမှ နှင့် အာလာဒင် ၏ မီးခွက်အတွင်းမှ လေယာဉ်ပျံများ ထွက်ကျလာသည် ၊၊
လေယာဉ်ပျံကို စတင် တွေ့ရှိတာ ငါကွ ဟု အရူးတစ်ယောက်က အော်ပြီး စင်နောက်က ထွက်လာသည် ၊၊
ထိုအရူးကို မြင်ရသည်မှာ ကြည်နူးမိ၍ ထိုအရူးကို ကျွန်တော့်အမည် ပေးလိုက်၏ ...
စင်အောက်မှ နှင်းဆီပန်းအနီတစ်ပွင့် နှင့် ပစ်ပေါက်လိုက်သည် ၊၊
သူမ၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဝင်သွားသည်၊၊ ထိုင်ခုံတွေက နေရာလွတ်တွေချည်း ဖြစ်သည် ၊၊

လေယာဉ်ပျံထွက်ရန်က ငါးမိနစ်လောက် လိုသေးသော်လည်း ရထားက ထွက်သွားပြီ ၊၊
ကျွန်တော့်နာမည်နှင့် အရူးက ရထားကို မိန်းမတစ်ယောက် နာမည်အော်ခေါ်၍ ပြေးလိုက် သွားသည် ၊၊
သူမ က ထိုင်ခုံအလွတ်တွေ ရှေ့မှာပင် သရုပ်ဆောင်ကောင်းကောင်း နှင့် ငိုလေသည် ၊၊
အငိုတိတ်တော့ သစ်သီး အစိမ်းရောင် ဖြစ်သွားပြီး
ကျွန်တော့် လက်ပေါ်သို့ ကြွေ ....ကျ ......လာသည် ၊၊
ခုံအလွတ်တွေထံ မှ လက်ခုပ်သံများ တဝေါဝေါ ထွက်လာသည် ၊၊

သူမ လူပြန်ဖြစ်သွားပြီး ပါးစပ်ထဲမှ နှင်းဆီပွင့်ကို အစိမ်းရောင် အဖြစ် ပြန်ထုတ်ပြသည် ၊၊
ကျွန်တော့်လက်မှာ အစိမ်းရောင်တွေ ပေပွကျန်ခဲ့သည် ၊၊
အရူးပြန်ရောက်လာပြီး လေယာဉ်ကွင်း သို့ ဟုဆိုကာ ချက်ချင်း ပြန်ထွက်သွားသည် ၊၊
လက်အစိမ်းနှင့်သာ နှုတ်ဆက်လိုက်သည် ၊၊
သူမ ကလည်း အရူးကို “ဇာတိ .. သက်သာအောင်နေနော်” ဟူ၍ လက်ပြနှုတ်ဆက်သည် ၊၊
ကျွန်တော် သစ်သီး အစိမ်းရောင် ဖြစ်ပြီး သူမ လက်ပေါ် ကြွေ ...... ကျ ..... သွားသည် ၊၊
လက်ခုပ်သံတွေ ထပ်မံ ထွက်ရှိလာသည် ၊၊
သူမငိုသည်။ သူမငိုသည်။ သူမငိုသည်။
အငိုတိတ်တော့ သစ်သီး တစ်လုံးဖြစ်သွားသည် ၊၊
နှစ်ယောက်လုံး ကြွေ ...... ကျ ...... သွားသည် ၊၊

မည်သူမျှ မရှိတော့သဖြင့် ကန့်လန့်ကာ ကို ချမည်ပြုသော်လည်း ကန့်လာကာ က ကျနှင့်ပြီးသား ဖြစ်နေသည် ၊၊
လေယာဉ်ကွင်း က ပေးမဝင် ဟု ဆို၍ ရထား နှင့်အတူ အရူးပြန်ပါလာသည် ၊၊
သူမ က မျက်လှည့်ဆရာ ၏ ဦးထုပ် အတွင်းသို့ ခုန်ဝင် သွားသည် ၊၊
အရူးက အာလာဒင်မီးခွက်ကို သွားပွတ်လိုက်သဖြင့်
ကျွန်တော် နှင့် အရူး မီးခွက်အတွင်းသို့ အငွေ့ပျံ ဝင်ရောက်သွားသည် ၊၊
...မီးကို သူတို့ မတီထွင်ခဲ့.. ဟု ဖယောင်းတိုင်များ က ငို၍ပြောသည်၊၊
ထိုအသံကြောင့် အမှောင်ကျသွားသည် ၊၊
လေ.....ယာဉ် ထွက်ရန် ငါးမိနစ် သာ ... လိုတော့သည် ၊၊
လေယာဉ်ကွင်း အနီး အနား တွင် လေယာဉ်ပျံတစ်ခု ဖြတ်သွားတိုင်း မော့ကြည့်ကာ ငိုနေသော
အရူးတစ်ယောက်ယောက်ကို တွေ့လျှင် …. ၊၊
လေ….ယာဉ် ထွက်ရန် ငါးမိနစ်သာ .. လို တော့ ကြောင်း သတိပေးလိုက်ပါ ၊၊
မည်သို့ပင်ဖြစ်စေ …. ၊၊
လေ.....ယာဉ် ထွက်ရန် ငါးမိနစ် သာ ... လိုတော့သည် ၊၊

သင်သည် လေယာဉ်ထွက်မှာကို စိုးရွံ့သူဖြစ်ပါက … အပြေးအလွှား ထွက်ခွာခွင့်ရပါပြီ ၊၊
လေယာဉ် က သူ့ဘာသာ သူပျံတာ စိုးရိမ်စရာမရှိဆိုပါက .. အေးဆေးသက်သာ စွာ
ထွက်ခွာခွင့် ရှိပါသည် ၊၊

ထွက်ပေါက် (၁)

                        ပြီးသွားပြီ ၊၊ ကဗျာဆရာ ကိုယ်တိုင်က ထိုစကားကို မကြိုက်သော်လည်း
တစ်ကယ်ပင် ပြီးသွားပြီ ဖြစ် သည် ၊၊

ထွက်ပေါက် (၂) ( ဖြတ်သန်းသွားလာခွင့် မပြု )

                        ကဗျာ က မဆုံးသေး ၊၊
                        ကဗျာ ဆရာ က ဆုံးသွားပြီ ၊၊  ၊၊
                        ပန်း ချီ ကား တစ် ခု အတွင်းမှာ
                        အစိမ်းရောင် တွေ ငို နေ ကြပါ တယ် ၊၊
                        ကဗျာ ဆရာ ဆုံး သွား ပြီ ၊၊    ၊၊    ၊၊

ဇာတိ

No comments: