Wednesday, October 13, 2010

အာဒံရဲ့ဝတ်ရုံအောက်မှာ နံရိုးအပိုတစ်ချောင်းရှိတယ်


ကျေးဇူးပြု၍ဖြစ်စေ ၊ မပြု၍ဖြစ်စေ
အဂတိတရား ၄ ပါး ငှားပါ ..
ပြန်ပေးပါ့မည်ဟု သဘောတူညီချက်ရေးဆွဲခြင်းဟာ
ပြန်ပေးဆွဲခြင်းလို့ သတ်မှတ်ချင်နေလား
ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားတာတောင်
အကုန်လုံးကိုမှုတ်ငြိမ်းပြီးရှာဖွေနေတုန်း
အကုန်ယူချင်ယူပါ
အကုန်ပေးချင်ပေးပါ
အသက်တော့ချမ်းသာပေးပါ
လူဆိုးတွေက ကောက်ရိုးပုံတောင် ဓားပြတိုက်ကြပါတယ်..၊၊ ၊၊
အာဒံကြီးမှာ နံရိုးအပိုရှိခဲ့တာသေချာရင်
ရိုမီယိုမှာ အဆိပ်တစ်ခွက်အပိုရှိရမည်
ကျွန်တော့်ကို ထိုအဆိပ်အား ချုပ်၍တိုက်ပါ
ဒါနဲ့စကားမစပ်လို့ သူရဿဝါပြောတာကြားလိုက်တယ်
စကားမစပ်တာတောင် လေတွေကအရှည်ကြီးဖြတ်တိုက်သွားတယ်
ဖုန်းမပြောချင်လို့ ပုစွန်တောင်မြို့ဆီကျွန်တော်သွားခြင်းဖြစ်ပါတယ်
ပါးစပ်ပါလာတာတောင် ကျွန်တော်ဘယ်မှမရောက်လိုက်ပါ
နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ
ကျွန်တော့်ထံသို့ မေးလ်ပို့ပါ
အသုဘပို့ပါ
ပို့ချင်တာပို့ပါ
လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ
ကျွန်တော်တောင်းပန်စကားတွေစုထားသည်
မကျေနပ်ခြင်းတွေစုထားသည်
စုချင်တာစုထားသည်
အာဒံကြီးမှာ နံရိုးတစ်ချောင်းအပိုရှိခဲ့ဖူးသည်ဆိုသောကြောင့်
ရိုမီယိုထံတွင်လဲ အဆိပ်ခွက်တစ်ခွက်အပိုရှိခဲ့ဖူးတာသေချာသွားသည်
ကျွန်တော့်ကို အဆိပ်ခွက်ဖြင့်ပက်ပါ
အဆိပ်ခွက်အားတိုက်ပါ
ဝတ်ရုံကိုဖျက်ပစ်မှမြင်ရမည်ဖြစ်သော်လည်း
ကျေးဇူးပြု၍ဖြစ်စေ ၊ ကျေးဇူးမပြု၍ဖြစ်စေ
ကျွန်တော့်အား အတိတရား ၄ပါးလုံးငှားလိုက်ပါ ၊၊
ပြန်မပေးတော့ဘူးထင်နေမှုသည်
ပြန်ပေးမှုနှင့်မသက်ဆိုင်ပါ
ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားသော်လည်း
အကုန်လုံးအားထွန်းငြိ၍ရှာပါသေးသည်
အကုန်ပြိုလဲသွားပြီ
အကုန်ပြိုလဲသွားခြင်းတွင် အကုန်တည်ဆောက်ခွင့်ပြန်လည်ပါရှိလာပြန်သည်
အကုန်ပြန်တည်ဆောက်မည်ဆိုလျှင် အာဒံနှင့်ပြန်စရမည်
ထို့ကြောင့် အာဒံသည် ဝတ်ရုံကိုခြုံတော့မည်
နံရိုးအပိုတစ်ချောင်း ရှိလာတော့မည်
ထို့ကြောင့်
ရိုမီယို၏ အဆိပ်ခွက်ကို ကျွန်တော်သောက်သည်
ကျွန်တော့် ကို
အ . . သု . . ဘ . . ပို့ . . ပေး . . ပါ ၊၊ ၊၊

ဇာတိ

No comments: