Wednesday, October 13, 2010

ဒါက ... တစ်ကယ့်မိုးရာသီအစစ်တစ်ခုဖြစ်တယ် ။ ။

စကားလုံးတွေနဲ့ ပဲ ဖြုတ်ချလိုက်တဲ့ ကန့် လန့် ကာက
ဒီနှစ်မိုးရာသီမှာ ... စံပယ်တွေပန်တယ်
လွင်ပြင်လို လက်တစ်ချောင်းမှာ
ဟောင်းလောင်းကြီး ပွင့်နေတဲ့စိတ်နဲ့ 
မိုးပျံပူဖောင်းတစ်လုံးစီးသွားချင်တဲ့ အိပ်မက်တွေ ၀တ်တယ် ။

လက်ဖက်ရည်ခွက်ထဲကနေ ...
ကမ္ဘာကြီးကို ဆဲရေးလိုက်တယ်
သံသရာဟာ မောကြီးပန်းကြီး
မြစ်ဆိပ်က ချိုးလက်စ ရေတွေကလည်း ....
အိုမင်းရင့်ရော်လို့ ...
သောက်တဲ့ ဆေးလိပ်တိုင်းမှာ သူမ နာမည် ပါတယ်

သောကြာကြယ်တို့ မှာ ...
မျက်နှာအထားအသိုမတတ်တဲ့ ကံကြမ္မာတစ်ခုဆီပိုင်ဆိုင်ကြတယ်
ဘာဖြစ်လဲ ... ဝေးလိုက်ကြရုံပေါ့ ။

မြက်ရိုင်းရှည်မြင်ကွင်းထဲ ...
စတော်ဘယ်ရီသီးတွေ ရောင်နီလာခူးကြ
နောက်ကျောမှာဓါးတန်းလန်းနဲ့ လဲကျသွားတဲ့ ညနေက
*ငါ* ပဲဖြစ်တယ်
ရာစုတစ်ခုမှာ ဘယ်လောက်များ အလင်းငတ်ခဲ့သလဲ
မေးခွန်းမှာပဲ ... စတော်ဘယ်ရီသီးတွေ ရောင်နီလာလာခူးကြ ။

နောက်ဆုံးမှာ ...
စက္ကူစွန်တစ်ကောင်နဲ့ ...
မြက်ရိုင်းရှည်မြင်ကွင်းကလေး ... ပျော်နေရှာတယ် ။ ။



ရင်ခွင်ရှိန်း

No comments: